ပရိသတ်ကြီးတို့ရေ ငွေ ၇.၀၀၀ လောက်သုံးပြီးတော့ Hot Pot အဝဆွဲလို့ရမယ့်ဆိုင်လေး သိပြီးကြပြီလား။ မရမ်းကုန်းမြို့နယ်၊ ဦးရေခဲလမ်းထဲက Luck Shwin Hot Pot and Seafood ဆိုင်လေးမှာ ကိုယ်စားခဲ့တဲ့ အတွေ့အကြုံလေးကို နည်းနည်းလောက်ပြောပြပေးမယ်။ ဒီဆိုင်လေးမှာ ပင်လယ်စာနဲ့ပတ်သတ်တာတွေ စုံစုံလင်လင်ရပေမယ့် အခုပြောပြမှာက ကိုယ်စားခဲ့တဲ့ Hot Pot Buffet လေးအကြောင်းပဲ။ ကိုယ်ဆိုင်ထဲဝင်ဝင်ချင်းမှာ ဝန်ထမ်းလေးတစ်ယောက်ကလာကြိုပြီး ဘာဟင်းရည်နဲ့သုံးဆောင်ချင်လဲ လာမေးတယ်။ သူတို့ဆီမှာရနိုင်တာက အချို၊ အစပ်၊ မာလာအရသာနဲ့ တုံယမ်းအရသာတွေရနိုင်ပြီးတော့ ကြိုက်တဲ့အရသာနှစ်မျိုး ရွေးပေးပါတဲ့ ကိုယ်တုံယမ်းအရသာနဲ့ မာလာအရသာနှစ်မျိုး မှာလိုက်တယ်။

ကိုယ်ထိုင်မယ့်နေရာရွေးပြီးတော့ Appetizer လေးတွေထားထားတဲ့ စားပွဲရှိရာကိုသွားတဲ့အခါမှာ Appetizer (၈)မျိုး၊ (၉)မျိုးလောက်ကို ချပေးထားတာတွေ့ရတယ်။ အဲ့မှာဘာလေးတွေပါလဲဆိုရင် ယိုးဒယားသင်္ဘောသီးထောင်း၊ အသားတုကြော်၊ ခေါက်ဆွဲကြော်၊ ပင်လယ်စာချဉ်စပ်၊ မာလာရှမ်းကော၊ ကြာဇံကြော်၊ တို့ဖူးကြော်၊ အာလူးကြော်၊ ထမင်းကြော်နဲ့ မြင်းခွာရွက်ကြွတ်ကြော်တွေကို ဗန်းတွေနဲ့ချပေးထားတယ်။

အကြိုက်ဆုံးက တို့ဖူးကြော်လေးပဲ ကျွတ်ကျွတ်လေးကိုမှစားလို့ကောင်းနေတာပါ။ ကျန်တဲ့Appetizer လေးတွေကကောင်းပေမဲ့ ကိုယ်ကြိုက်တဲ့အရသာမျိုး တော့မရဘူး။ Appetizer တွေက အရသာတော်တော်ပေါ့နေတယ်။ ပြီးတော့ သိပ်အဆင်မပြေတာတစ်ခုက မြင်းခွာရွက်ကြော်။ အပြင်သားက ကျွတ်ကျွတ်လေးပေမဲ့ မုန့်နှစ်အရမ်းများတာပဲလား၊ လေသလပ်တာကြောင့်ပဲလားတော့မသိပါ။ အထဲမှာတော်တော်ပျော့လို့ မုန့်ဆီကြော်စားနေရသလိုပဲ။ Apprtizer လေးတွေကို ဒီတိုင်းခင်းမထားဘဲ အုတ်ဆောင်းလေးတွေနဲ့ထားရင် ပိုကောင်းမယ်ထင်ပါတယ်။

ကိုယ်ရောက်သွားတဲ့အချိန်က မီးပြတ်တဲ့အချိန်နဲ့မှသွားတိုက်ဆိုင်နေတယ်။ ဆိုင်ထဲဝင်တည်းကပူတာ အသက်ရှူကျပ်တဲ့အထိပါရောက်ခဲ့ရတယ်။ မီးပြတ်တော့ အသားထားတဲ့ ရေခဲသေတ္တာမှာလည်း အအေးလျော့နေခဲ့တယ်။ သိပ်မဆာတာနဲ့ အသားနည်းနည်း၊ ဂဏန်းနည်းနည်း၊ ပင်လယ်စာနည်းနည်းယူုခဲ့တယ်။ အရွက်လေးတွေ အသားလုံးလေးတွေယူရင်းကိုယ်ထိုင်တဲ့နေရာပြန်လာခဲ့တယ်။ ပင်လယ်စာတွေမှာ ဂဏန်း၊ ဂုံး၊ ပုစွန်၊ ပြည်ကြီးငါး စတာလေးတွေတော့ အစုံထားပေးထားတာ တွေ့ရတယ်။

ဆိုင်ထဲရောက်ကာစက စားသုံးသူနဲနဲပဲရှိပေမဲ့ ရာသီဥတုအပူချိန်ရယ်၊ ဆိုင်ခန်းက လေအလုံပိတ်သလိုဖြစ်ပြီး မနေနိုင်တာနဲ့ ဆိုင်အပြင်ဘေးဘက်လေးမှာ ခင်းထားတဲ့ခုံလေးတွေမှာ နေရာပြောင်းခဲ့ရတယ်။ မီးပြတ်နေလို့ဆိုပေမဲ့ ကိုယ့်အစားအစာတွေ လတ်ဆတ်နေဖို့အတွက်ရော လုံနေတဲ့အခန်းကြောင့်ရော မီးစက်လေးတော့ ဖြစ်နိုင်ရင်နှိုးပေးစေချင်တယ်။

နေရာကျပြီဆိုတာနဲ့ ကိုယ်ယူလာတာလေးတွေကို မာလာနဲ့တုံယမ်းဟင်းရည်ပါတဲ့တစ်ကန့်စီကိုခွဲထည့်ပြီး အဆာပြေလေးတွေစားရင်းစောင့်နေခဲ့တယ်။ ကိုယ်စားဖို့ထည့်လိုက်တဲ့အထဲ ဝက်ခေါင်းသားလေးတွေပါပါတယ်။ မိနစ် နှစ်ဆယ်လောက်ကြာတော့ ပြုတ်ထားတဲ့အသားတွေ၊ အသားလုံးတွေဆယ်ပြီး စားဖို့ပြင်ခဲ့တယ်။ အသားတွေကတော့ ကျက်တာမြန်ပေမဲ့ ဝက်ခေါင်းသားက အချိန်အကြာကြီးပြုတ်တာတောင် တော်တော်နဲ့မကျက်လို့ အခက်တွေ့ခဲ့ရတယ်။ နောက်ထပ် မိနစ်၂၀လောက် ထပ်ပြုတ်ပေမဲ့လည်း မာနေတုန်းပဲ။ နောက်တစ်ခုက ဝက်ခေါင်းသားမှာလည်းအမွှေးပြောင်အောင် မရိတ်ထားတော့ စားရတာတကယ် အဆင်မပြေခဲ့တာ။

ဆိုင်ကဝန်ထမ်းလေးကိုပြောပြီး ပြန်လဲခိုင်းပေမဲ့လည်း အရင်တိုင်းဝါးမရပြုမရ ဖြစ်နေဆဲပဲမို့ လက်လျှော့ခဲ့ရတယ်။ နေ့လယ်နေ့ခင်းလာစားတဲ့ Customer တွေအတွက်လည်း သေချာလေးဂရုစိုက်ပေးသင့်တယ်လို့ ထင်ပါတယ်။

မာလာဟင်းရည်က သောက်လို့ကောင်းပြီးတော့ ဂဏန်းလေးတွေလည်း လတ်လတ်ဆတ်ဆတ်နဲ့အရသာရှိတယ်။ ဂုံးလေးတွေလည်း အရသာရှိပြီးတော့ ပြည်ကြီးငါးလည်းစားကောင်းပါတယ်။ ဒါပေမဲ့ ပြည်ကြီးငါးမှာခေါင်းလေးတွေထည့်မပေးထားတော့ ပြည်ကြီးငါးဆို ခေါင်းကိုပိုကြိုက်တဲ့သူတွေအတွက်တော့ အားမရနိုင်လောက်ဘူးလို့ထင်တယ်။ ပုစွန်ကိုတော့ ကိုယ်မကြိုက်လို့ထည့်မစားခဲ့မိဘူး။

အအေးကိုတော့ ဘာလီနဲ့ နာနတ်အရသာနှစ်မျိုးပေးထားပြီးတော့ ရေခဲလည်းလောက်အောင် ချထားပေးတာတွေ့ရတယ်။ ကိုယ်တော့ပူခဲ့သမျှ အအေးလေးနဲ့ မျှောချခဲ့တာပါပဲ။ ရေခဲမုန့်လေးလည်း တော်တော်စားကောင်းပြီးတော့ သီးစုံကျောက်ကျောလေးတွေကလည်း ချိုချိုလေးနဲ့အရသာစုံအောင်ထည့်ပေးထားလို့ အဆင်ပြေတယ်။

Hot Pot အရသာလေးလည်းကောင်းပြီး ဝက်ခေါင်းသားလေးကလွဲလို့ ကျန်တာတော်တော်စားကောင်းပါတယ်။ ရာသီဥတုပူတဲ့အချိန်လေးမှာ စားသုံးသူတွေ အဆင်ပြေဖို့ နည်းနည်းလောက်ပိုအားစိုက်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်ဗျ။ ကိုယ်စားခဲ့ရတာ အဆင်ပြေတာရောမပြေတာရော အတွေ့အကြုံလေးမျှဝေပေး တာမို့ Luck Shwin Hot Pot ဆိုင်မှာ စားဖူးသူတွေရဲ့အတွေ့အကြုံလေးတွေလည်း အောက်မှာပြောပြခဲ့ပါဦးနော်။

King Pin ( Akhayar )

www.akhayar.com