“ပညာလို အိုသည်မရှိ” ဆိုသလိုပဲ လူတစ်ယောက်က ပညာလိုချင်စိတ်တွေသာ ပြင်းထန်နေမယ်ဆိုရင် အသက်အရွယ်ဆိုတာ မပြောပလောက်ပါဘူး။ မြန်မာရာဇဝင်မှာလည်း ဦးကျည်ပွေ့က သက်သေပြခဲ့ပြီဖြစ်ပါတယ်။ လောကီပညာတွေဆိုတာ မဆုံးနိုင်တဲ့ပင်လယ်ပြင်ကြီးလို လေ့လာသင်ယူလို့ ကုန်နိုင်တယ်မရှိပါဘူး။ တချို့တွေက “ငါ အသက်ကြီးနေပါပြီ ပညာသင်နေလည်း အလကားပါပဲကွာ” ဆိုပြီး ပျင်းရိတဲ့စိတ်ကို ဆင်ခြေတွေနဲ့ ဖုံးကွယ်တတ်ကြပါတယ်။

အီတလီနိုင်ငံ၊  ဗီလက်ထရီမြို့ (Velletri )က အငြိမ်းစားကျောင်းအုပ်ဆရာကြီး လူစီယာနို ဘီယက်တီ ( Luciano Baietti ) ဟာဆိုရင် တက္ကသိုလ်ဘွဲ့အများဆုံးပိုင်ဆိုင်သူအဖြစ် ဂင်းနစ်စံချိန် (Guinness World Record) တင်ထားပါတယ်။ အသက်၇ဝရှိပေမယ့်လည်း အီတလီနိုင်ငံတဝှမ်းမှာရှိတဲ့ တက္ကသိုလ်အသီးသီးက ရိုးရိုးဘွဲ့၊ မာစတာဘွဲ့ပေါင်း (၁၅)ခုကို ရရှိထားပြီဖြစ်ပေမယ့်လည်း ၁၆ခုမြောက် ဘွဲ့ယူဖို့လည်း ပြင်ဆင်နေပါတယ်။ အဖိုးကြီးအရွယ်ရောက်နေပေမယ့်လည်း ဆယ်ကျော်သက်လိုပဲ လန်းဆန်းတက်ကြွနေပြီး သူများတွေ အိပ်မောကျနေတဲ့ မနက်၃နာရီကတည်းက အိပ်ယာထပြီး စာကျက်စာအံလုပ်နေပါသတဲ့။ အမြဲမပြတ်လေ့လာသင်ယူနေတဲ့အတွက် စိတ်ဓာတ်တွေ လန်းဆန်းတက်ကြွနေပြီး ဘွဲ့တစ်ခုရလာတိုင်း အသိပညာဗဟုသုတတိုးပွားလာတယ်လို့ ခံယူထားပါတယ်။

သူဟာ စိတ်ပညာ၊ စာပေ၊ ဥပဒေ၊ နိုင်ငံရေးသိပ္ပံ၊ စိတ်ပညာဘွဲ့တွေကို ကမ္ဘာ့ရှေးအကျဆုံးတက္ကသိုလ်ဖြစ်တဲ့ စာပီယမ်ဇာ တက္ကသိုလ် (Sapienza University ) ကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ပြစ်မှုဗေဒ၊  သေနင်္ဂဗျူဟာဘွဲ့တွေကိုတော့ တူရင်တက္ကသိုလ် (Turin University) ကနေရရှိခဲ့တာဖြစ်ပြီးတော့ နေပယ်မြို့ (Naples) မှာရှိတဲ့ အွန်လိုင်းတက္ကသိုလ်တစ်ခုကနေ ဟိုတယ်နှင့်ခရီးသွားလာရေးပညာ (Tourism) ဘွဲ့ကိုလည်း ဆွတ်ခူးထားပါတယ်။ ၁၉၇၂မှာ ကာယပညာ (Physical Education) ကနေ ပထမဆုံးဘွဲ့ရရှိပြီးနောက်မှာ ပညာရေးကို စိတ်ဝင်စားလာပြီး ဘွဲ့တစ်ခုပြီးတစ်ခု ယူခဲ့တာဖြစ်ပါတယ်။ ဘွဲ့(၈)ဘွဲ့ယူပြီးတဲ့အခါ ၂ဝဝ၂ခုနှစ်မှာပဲ တက္ကသိုလ်ဘွဲ့အများဆုံးပိုင်ဆိုင်သူအဖြစ် ဂင်းနစ်စံချိန် (Guinness World Record) တင်ခဲ့တာပါ။

ကဲ . . . အခရာသူ၊ အခရာသားတွေရော အသက်ကြီးလာပြီဆိုပြီးတော့ ပညာရေးကို ဆက်မလုပ်တော့ဘူးလား။ ကိုယ့်ကိုယ်ကို အသက်ကြီးလာပြီထင်ရင် အီတလီနိုင်ငံက အဖိုးကြီး လူစီယာနို ဘီယက်တီကို သတိရလိုက်ပါ။ စိတ်အားထက်သန်နေရင် ဘာမဆိုဖြစ်နိုင်ပါတယ်လို့။

ကျော်စိုးအောင် (အခရာ)

www.akhayar.com