အခရာပရိသတ်ကြီး မင်္ဂလာပါ။ ဒီတစ်ခါတော့ အခရာရဲ့ အစားသရဲလေးအတွက်တော့ ရန်ကုန်မြို့ပေါ် က ဆိုင်တွေမှာ ပြုလုပ်ပေးထားတဲ့ အစားပြိုင်ပွဲတွေကို ဝမ်းသာအားရ မျှဝေချင်ပါတယ်။ ကျွန်တော်တို့လို Food is love ၊ Food is bae ပါလို့ ခံယူထားရင်တော့ ဒီပြိုင်ပွဲတွေကို လက်လွှတ်မခံသင့်ဘူးဗျနော်။ အောက်မှာ တစ်ချက်လောက် ကြည့်လိုက်ပါဦး။

 

၁။ Hell’s Honey Challenge

၉ မိုင် တော်ဝင်လမ်းပေါ် ( Ocean နဲ့ Victoria hospital ) နားမှာ ရှိတဲ့ Pier 9 ကတော့ အစပ်အရမ်းကြိုက်သူတွေအတွက် Challenge လေး လုပ်ထားပါတယ်။ Challenge နာမည်ကတော့ Hell’s Honey ဖြစ်ပြီး Pier 9 ရဲ့ အစပ်ဆုံး Sauce နဲ့ ပြုလုပ်ထားတဲ့ ကြက်တောင်ပံကြော် ၆ ခုကို ၆ မိနစ်အတွင်း မြိန်ယှက်စွာ ကုန်အောင် စားရမှာပဲဖြစ်ပါတယ်။

အနိုင်ရသူအတွက် Sticker အမိုက်စားလေးတွေနဲ့ T shirt တစ်ထည်ကို လက်ဆောင်ပေးသွားမှာဖြစ်ပြီး Pier 9 ရဲ့ အစပ်ဆုံးစားနိုင်သူများ Album မှာတင်ပြီးလည်း အမှတ်တရ မှတ်တမ်းတင်ပေးဦးမှာပါ။ဒါတင်မကဘူးနိင်ခဲ့ရင်နောက်တခါလာစားရင်10% off ပေးဦးမှာလို့ Pier 9 Page မှာ ပြောထားပါတယ်ခင်ဗျ။

ကြည့်ရသလောက်တော့ အတော်ကြီး စပ်ပုံပေါ်ပြီး အရေအတွက်ကြောင့် မဟုတ်ဘဲ အစပ်ပြင်းမှုကြောင့် လက်လျှော့ရတာ များတဲ့ ပုံပါ။ စားလည်း စား၊ အစပ်လည်း ခံနိုင်တဲ့ ဆိုတဲ့ သူတွေ ဝင်ပြိုင်မှ ရမှာပါ။

 

၂။ စားတော်ပွဲရဲ့ ပင်လယ်စာအစုံယာတော ထမင်း

အမှတ် ၉၂၊ ရွှေတောင်တန်းလမ်း အလယ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မှာရှိတဲ့ စားတော်ပွဲ ဆိုင်ကလည်း လူ ၃ယောက်စားစာရှိတဲ့ ပင်လယ်စာအစုံယာတော ထမင်းကို တစ်ယောက်တည်း မိနစ် ၂၀ အတွင်း ကုန်အောင်စားနိုင်မလားလို့ Challenge လုပ်ထားပါတယ်။ ကုန်အောင်စားနိုင်ခဲ့မယ်ဆိုရင်တော့ ငွေကျပ် ၂သောင်းတန်ဖိုးရှိတဲ့ ဟင်းပွဲ voucher တွေကို ပေးအပ်သွားမယ်ဆိုတော့ စားနိုင်တဲ့ သူတွေ မြန်မြန်သာ ကြွလှမ်းတော့ဗျို့။

သူလည်း ထမင်းကအစ  ၃ယောက်စာမို့လို့  လွယ်တော့ မလွယ်တဲ့ ကိစ္စတစ်ခုလို့ ထင်ပါတယ်။ ဗိုက်ကွဲအောင် စားနိုင်ပါတယ်ဆိုရင်တော့ သွားကြိုးစားသင့်ပါတယ်။ 😀

 

You May Also Like : “ထိုင်းစာကြိုက်သူတို့အတွက် Chew Q Restaurant Review

 

၃။ King Of Dim Sum Eating Contest

King of Dim Sum

ဒါကတော့ Royal Pavilion ရဲ့ Dim Sum စားပြိုင်ပွဲပါ။ နေရာကတော့ Novotel Yangon Max Hotel ရဲ့ Ground Floor မှာပါ။ အမေများနေ့ အထိမ်းအမှတ်နဲ့ ပြုလုပ်တာဖြစ်ပြီး Dim Sum (၅၁) မျိုးကို ၁၅ မိနစ်အတွင်း စားပြီး အနိုင်ယူရမှာပါ။

အနိုင်ရရှိသူကတော့ မေလ (၇) ရက်ကနေ ဇွန်လ (၇) ရက်နေ့ ၁လအတွင်း အခမဲ့လာရောက်သုံးဆောင်ခွင့်ကို ရရှိမှာပါ။ သတိချပ်ရမှာက ပြိုင်ပွဲအပြီး အကုန်မကုန်သူတွေကတော့ Dim Sum Lunch Menu ရဲ့ ပုံမှန်ဈေးဖြစ်တဲ့ 22$++ ကို ပြန်လည် ပေးချေရမှာ ဖြစ်ပါတယ်။ သေချာမှ သွားစားတာ ကောင်းတာပေါ့ဗျာ။

စားချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် ၀၉ ၂၅၁၁၈၅၉၇၂ ကို ဆက်သွယ်ပြီး Booking တင်လို့ ရပါပြီ။

 

၎။ Monster Challenge

Ramen

ဒါကတော့ ဂျပန် Ramen ခေါက်ဆွဲကြိုက်သူတွေအတွက်ပါ။ Hledan Center Basement မှာ ရှိတဲ့ Ramen Monster ဆိုတဲ့ ခေါက်ဆွဲဆိုင်မှာ Monster Ramen ဆိုတဲ့ ခေါက်ဆွဲပွဲကို မိနစ် ၂၀ ဆယ်အတွင်း ကုန်အောင် စားနိုင်ခဲ့ရင် ဆိုင်ဘက်က အဲ့ဒီခေါက်ဆွဲပွဲနဲ့ ညီမျှတဲ့ Cash Voucher ကို ပြန်ပေးအပ်မှာပါ။ ခေါက်ဆွဲဖိုးတော့ အရင်ရှင်းထားရမယ်ပေါ့နော်။ နိုင်တယ်ဆိုရင် Cash Voucher ပြန်ပေးပြီး မနိုင်ရင်တော့ ဘာမှ မရပါဘူးတဲ့ဗျာ။ 😀

အဲဒီ ခေါက်ဆွဲပွဲ Monster Ramen ဟာ နဂိုပုံမှန်ခေါက်ဆွဲပွဲထက် ၃ ဆ ကြီးတယ်ဆိုတော့ တကယ်စားနိုင်ရင်တော့ စမ်းကြည့်သင့်ပါတယ်။ ကျွန်တော်တောင် သွားစားကြည့်ဖို့ စိတ်ဝင်စားနေပါပြီ။

 

၅။ Epic Burger Challenge

ဒဂုံမြို့နယ်၊ နဝဒေးလမ်းထဲက Fatman Bar & Grill မှာ Epic Burger Challenge ရှိပါတယ်ခင်ဗျ။ Epic Burger အကြီးကြီးကို မိနစ် ၃၀ အတွင်း ကုန်အောင် စားရမှာပါ။ ကျသင့်ငွေကတော့ ၂၀၀၀၀ ကနေ ၂၅၀၀၀ ပါ။ ကုန်ခဲ့ရင်တော့ ပိုက်ဆံပေးစရာမလိုတဲ့ အပြင် အခြားဆုလက်ဆောင်တွေလည်း ရမှာပါ။ ပြိုင်မယ်ဆိုရင်တော့ တစ်ရက်ကြိုအကြောင်းထားပေးဖို့ လိုပါတယ်ခင်ဗျ။

သွားစားမယ်ဆိုရင်တော့ ဖုန်း – 09 420 30 5666 ကိုဆက်ပြီး reserve လုပ်ထားနိုင်ပါတယ်။

 

ပြိုင်ဖူးတဲ့ အခရာပရိသတ်တွေလည်း နိုင်ဖူးတာရှိရင် Comment Box မှာ ကြွားသွားလို့ ရသလို၊ မနိုင်ဘဲ တပ်ခေါက်ပြန်လာရရင်လည်း ဘယ်လိုလုပ်ရင် နိုင်မယ်ဆိုတာလေး ပြောသွားပေးကြပါဦး 😀 ။ နောက်ထပ်ပိုမိုက်တဲ့ အစားပြိုင်ပွဲတွေ ရှိရင်လည်း Comment Box ကနေ အခရာဝိုင်းသားတွေကို လက်လေးတို့ပေးကြပါဦးလို့။

 

ရိုးလူ (အခရာ)

www.akhayar.com