ဝက်စ်ဟမ်းအသင်းရဲ့ စာချုပ်ဖျက်သိမ်းခံရပြီး အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ဘ၀ကနေ ဂိုးသမား အက်ဒရီယန် Adrian ဟာ ဥရောပစူပါဖလားပွဲမှာ လီဗာပူးလ်အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ပယ်နယ်တီ အဆုံးအဖြတ်မှာ သူ့ရဲ့အစွမ်းပြကာကွယ်မှုကြောင့် လီဗာပူးလ်အသင်း (၄)ကြိမ်မြောက် ဥရောပစူပါဖလားကို ကိုင်မြှောက်ခွင့် ရခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြသစ် လမ်းပတ် Lampard အတွက်တော့ နောက်ထပ် စိတ်ပျက်စရာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါပဲ။ ဒီပွဲမှာ နှစ်သင်းစလုံးက Power Game ကို ဦးစားပေးကစားခဲ့ပြီး ဘောလုံးရတာနဲ့ တိုက်စစ်ကို ချက်ချင်းစတင်လေ့ရှိတာကြောင့် ပွဲကအကြိတ်အနယ်ရှိခဲ့တယ်။ လီဗာပူးလ်ကွင်းလယ်က မီလ်နာ Milner ၊ ဟန်ဒါဆန် Henderson ၊ ဖာဘင်ဟို Fabinho တို့ဟာ အချိတ်အဆက် မမိခဲ့ဘဲ ဒဏ်ရာကနေပြန်လာတဲ့ ချိန်ဘာလိန် . Oxlade-Chamberlain ကလည်း ခြေစွမ်း မပြနိုင်ခဲ့ဘူး။

ပြီးခဲ့တဲ့ရာသီကတည်းက မာနေး Mane ရဲ့ ရုန်းအား၊ ကစားအားက သိသိသာသာကို တိုးတက်လာသလို အခုပွဲမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းက မန်ယူနဲ့ပွဲတုန်းကလိုပဲ အပြစ်ပြောစရာ သိပ်မရှိခဲ့ပေမယ့် အရှိန်အ၀ါတစ်ခုလျော့နည်းသွားတယ်လို့ မြင်မိပါတယ်။ ပွဲထွက်ခွင့်ရခဲ့တဲ့ ပူလီရှစ် Pulisicံကြိုးစားခဲ့ပေမယ့် Physical ပိုင်းမှာ လီဗာပူးလ်နောက်ခံလူတွေကို မယှဉ်နိုင်ခဲ့ဘူး။ အဖွင့်ဂိုးကို ချယ်လ်ဆီးအသင်းက ရရှိခဲ့ပြီး ပူလီရှစ်ရဲ့ ဖန်တီးပေးမှုကနေ ဂျရူး Giroud က သွင်းယူခဲ့တာပါ။

လီဗာပူးလ်အသင်းအတွက် ချေပဂိုးကိုတော့ (၄၈)မိနစ်မှာ မာနေးက သွင်းယူခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံး အပိုင်းအခွင့်အရေးတွေ ရခဲ့ပေမယ့် ကံခေတာရယ်၊ ဂိုးသမားကောင်းနေတာရယ်ကြောင့် ဂိုးထပ်မရခဲ့ဘဲ အချိန်ပိုဆက်ကစားခဲ့ရတယ်။ အချိန်ပိုစလို့ မိနစ်ပိုင်းအကြာမှာပဲ မာနေးက ဒုတိယဂိုး သွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ပယ်နယ်တီကနေ ယော်ဂျင်ဟို Jorginho က ချေပဂိုးပြန်သွင်းခဲ့တယ်။ ဒီပွဲမှာ အမျိုးသမီးစည်းကြပ်ဒိုင်ရဲ့ အားနည်းချက်တွေကို မြင်တွေ့ခဲ့ရပြီး လူကျွံဘောဖြစ်ရပ်တွေမှာ အလံချက်ချင်း မထောင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း (၂)ဂိုးရပြီးမှ ပြန်ပယ်ဖျက်ခံခဲ့ရပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မှာတော့ လီဗာပူးလ်အသင်းက အကြိမ်တိုင်းဂိုးဝင်ခဲ့ပြီး ချယ်လ်ဆီးအသင်းဘက်က အေဘရာဟမ် Abraham ရဲ့ ကန်ချက်ကို အက်ဒရီယန် ကာကွယ်နိုင်ခဲ့လို့ လီဗာပူးလ်အသင်း (၄)ကြိမ်မြောက် ဥရောပစူပါဖလားကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ ၂၀၀၅ ခုနှစ်တုန်းကလည်း အစ္စတန်ဘူလ်မြေမှာ အေစီမီလန်ကို ပယ်နယ်တီနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ လီဗာပူးလ်အသင်း အခုလည်း အစ္စတန်ဘူလ်မှာ ထပ်ပြီး အောင်ပွဲခံနိုင်ခဲ့ပဲဖြစ်ပါတယ်။

Photo:Liverpool Twitter
Naing Linn(Akhayar)
www.akhayar.com