လီဗာပူးလ် နဲ့ ချယ်လ်ဆီးတို့ရဲ့ ဥရောပစူပါဖလားပွဲစဉ်ကတော့ ရင်ခုန်စရာပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာနဲ့ အညီပြောစရာအကြောင်းတွေလည်း များခဲ့တာကြောင့် အခု ဒီ Article မှာတော့ ဒီအကြောင်းအရာတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင် …

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp နဲ့ ပတ်သက်ပြီး အမြဲလိုလို စိုးရိမ်နေရတဲ့ အရာတစ်ခုရှိပါတယ်။ ဒါကတော့ သူ့ရဲ့ ဗိုလ်လုပွဲတွေမှာ ကံဆိုးတတ်တဲ့ ကျိန်စာဆိုးပါပဲ။ နောက်ဆုံးကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာလည်း နိုင်သင့်ရဲ့သားနဲ့ မန်စီးတီးအသင်းကို ပယ်နယ်တီနဲ့ ရှုံးခဲ့တာကြောင့် အခု ချယ်လ်ဆီးနဲ့ပွဲမှာလည်း သူ့အပေါ်စိုးရိမ်စိတ်တွေများခဲ့ကြပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းက ဥရောပစူပါဖလားပွဲမှာ ချယ်လ်ဆီးကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာကြောင့် သူ့ရဲ့ကျိန်စာဆိုးကတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာပြီလို့ ပြောကြရမှာဖြစ်ပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးဘက်မှာ ချီးကျူးရမယ့် ကစားသမားတွေရှိပါတယ်။ သူတို့ကတော့ ပူလီရှစ် Pulisic ၊ ကွန်တေ Kanté နဲ့ ဂိုးသမားကီပါ Kepa တို့ပါပဲ။ ပူလီရှစ် ဟာ ဒီပွဲမှာ အကောင်းဆုံးကြိုးစားကစားခဲ့ပြီး သွင်းဂိုးတစ်ဂိုးဖန်တီးပေးခဲ့သလို ရေရှည်မှာ အသင်းအတွက် အခုထက်ပိုပြီး အားကိုးလာရမယ့် ကစားသမားလို့ မြင်မိပါတယ်။ ကွန်တေ ကတော့ ဒဏ်ရာကနေ ပြန်လာပြီးပြီးခြင်း အကောင်းဆုံး ခြေစွမ်းတွေကို ပြသခဲ့ပြီး ဒီပွဲရဲ့ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံးကစားသမားတစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဂိုးသမား ကီပါ ကလည်း အသင်းအတွက် အရေးပါတဲ့ ကာကွယ်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။

နောဝှစ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ပွဲချိန်နောက်ပိုင်းမှ လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်ကစားသမား မာနေး Mané ဟာ ဒီပွဲမှာတော့ ပွဲအစကတည်းက ပါဝင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို အသင်းရရှိခဲ့တဲ့ သွင်းဂိုး(၂)ဂိုးလုံးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ မာနေး ဟာ အမြဲလိုလိုတိုးတက်နေတဲ့ ကစားသမားဖြစ်တာကြောင့် သူ့ရဲ့စွမ်းဆောင်ရည်ကိုလည်း မဖြစ်မနေချီးကျူးရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အရန်ဂိုးသမား အက်ဒရီယန် Adrian ကတော့ ဒီပွဲရဲ့ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ဦးစားပေး ဂိုးသမားအယ်လစ်ဆန် Alisson ဒဏ်ရာရှိနေတာကြောင့် သူ့နေရာအစားဝင်တဲ့ အက်ဒရီယန် ဟာ သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခံခဲ့ရပေမယ့် အသင်းရဲ့ နိုင်ပွဲအတွက် အရေးပါတဲ့ ပယ်နယ်တီကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

လီဗာပူးလ် နဲ့ ချယ်လ်ဆီးတို့ရဲ့ ဥရောပစူပါဖလားပွဲကိုတော့ အမျိုးသမီးဒိုင်လူကြီးတွေက တာဝန်ယူခဲ့ကြတာပါ။ ဒါပေမယ့်ဒီပွဲမှာ အမျိုးသမီးစည်းကြပ်ဒိုင်ရဲ့ အားနည်းချက်တွေကို မြင်တွေ့ခဲ့ရပြီး လူကျွံဘောဖြစ်ရပ်တွေမှာ ချက်ချင်းအလံ မထောင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း (၂)ဂိုးရပြီးမှ ပြန်ပယ်ဖျက်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ဒီအနေအထားတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ ဥရောပဘောလုံးလောကကို အရင်ကလို လီဗာပူးလ်အသင်း ပြန်လည်လွှမ်းမိုးလာပြီလားဆိုတာက တွေးချင်စရာဖြစ်နေပါပြီ။ ၂၀၁၇ – ၂၀၁၈ ဘောလုံးရာသီက ချန်ပီယံလိဂ်မှာ ဒုတိယရခဲ့ပြီး ဥရောပအောင်မြင်မှုနဲ့ နီးကပ်လာတဲ့ လီဗာပူးလ်အသင်းဟာ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ဖလားကိုရရှိခဲ့သလို အခုဆိုရင်လည်း ဥရောပစူပါဖလားကို ထပ်ပြီးရရှိခဲ့ပါပြီ။ ရှေ့ဆက်ပြီး လီဗာပူးလ်အသင်း ဥရောပအောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်း ဟာ၂၀၀၅ ခုနှစ်တုန်းကလည်း အစ္စတန်ဘူလ်မြေမှာ အေစီမီလန်ကို ပယ်နယ်တီနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားရခဲ့သလို အခုဆိုရင်လည်း အစ္စတန်ဘူလ်မှာ ထပ်ပြီး အောင်ပွဲခံနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းအတွက် အစ္စတန်ဘူလ်က အောင်မြေတစ်ခုပဲဖြစ်ပါတယ်။

Photo: Liverpool Twitter , Chelsea Twitter , Evening Standard
Ko Kyue(Akhayar)
www.akhayar.com