ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားရယူဖို့ တိုက်ပွဲဝင်နေတဲ့ လီဗာပူးလ်အသင်းဟာ အခုအတိုင်းသာ ရမှတ်တွေ ဆက်လက်စုဆောင်းနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်တင်ရမှတ် ရယူနိုင်ဖို့ ရှိနေပါပြီ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းပိုင်းအကောင်းဆုံးမဖြစ်ခဲ့ပေမယ့် လိုအပ်တဲ့အနိုင်(၃)မှတ် ရယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ မန်စီးတီးကို တစ်ပွဲပို၊ (၂)မှတ်အကွာဖြတ်ထားပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေဆဲပါပဲ။

လီဗာပူးလ်အသင်းသာ လက်ရှိပုံစံအတိုင်း အမှတ်တွေ ရယူနိုင်မယ်ဆိုရင် ရာသီကုန်မှာ (၉၃)မှတ်အထိ ရယူနိုင်မယ့်အနေအထားရှိနေပြီး ဒါဟာ အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် ရမှတ်(၉၀)ကျော် ရယူနိုင်မှာဖြစ်သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စတုတ္ထမြောက် အမှတ်အများဆုံး ရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ တစ်ရာသီအတွင်း ရမှတ်အများဆုံးက မန်စီးတီးအသင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက စံချိန်တင် ရမှတ်(၁၀၀)နဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ မန်စီးတီးနောက်မှာတော့ ၂၀၀၄-၀၅ ရာသီတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းက (၉၅)မှတ်နဲ့ ရှိနေတာဖြစ်ပါတယ်။ တကယ်လို့သာ လီဗာပူးလ်အသင်း (၉၃)မှတ်ရခဲ့ရင် ဂုဏ်ယူစရာကောင်းတာက ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်း(၉၀မှတ်)၊ ၂၀၀၅-၀၆ ရာသီ ချန်ပီယံ ချယ်လ်ဆီး(၉၁မှတ်)၊ ၁၉၉၉-၀၀ ချန်ပီယံ မန်ယူ(၉၁မှတ်)တို့ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ရမှတ်(၉၃)မှတ်အထိရပြီးမှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ် မဆွတ်ခူးနိုင်ခဲ့ရင်တော့ ပရီးမီယားလိဂ်သမိုင်းတစ်လျှောက် ရမှတ်(၉၀)နဲ့အထက် ရပေမယ့် ချန်ပီယံမဖြစ်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရမှတ်အများဆုံး ရရှိခဲ့တဲ့အသင်းများ
Man City – 100 points – 17/18
Chelsea- 95 points – 04/05
(*Liverpool – 93.8 points – 18/19)
Chelsea – 93 points -16/17
Man Utd – 91 points – 99/00
Chelsea – 91 points – 05/06
Arsenal – 90 points – 03/04
(* ပြထားသောအသင်းမှာ ရာသီကုန်တွင် ဖြစ်နိုင်ခြေရှိသည့် ရမှတ်ဖြစ်ပါသည်)

REF:talksport
Photo:Getty Images,liverpooloffside
Naing Linn(Akhayar)
www.akhayar.com