လီဗာပူးလ်ပရိသတ်တွေဟာ သူတို့ရဲ့ အဓိကပြိုင်ဘက် မန်ယူအသင်း မခံချိမခံသာဖြစ်စေမယ့် ကိစ္စတစ်ခုကို လုပ်ပြလိုက်ပါပြီ။ အင်္ဂလန်ဘောလုံးလောကမှာ မန်ယူနဲ့ လီဗာပူးလ်အသင်းတို့ဟာ အောင်မြင်မှုအများဆုံးနှစ်သင်းဖြစ်ကြပြီး တစ်သင်းကိုတစ်သင်း အသာရဖို့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။ ဂန္ထ၀င်နည်းပြကြီး ဖာဂူဆန် Alex Ferguson ခေတ်လွန် မန်ယူအသင်းဟာ နည်းပြအပြောင်းအလဲတွေကြားမှာ အနိမ့်အမြင့်အတက်အကျတွေ များနေပေမယ့် လီဗာပူးလ်အသင်းကတော့ ယာဂန်ကလော့ပ် Jurgen Klopp ရဲ့ ဦးဆောင်မှုနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ အနီးစပ်ဆုံးဖြစ်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်စွဲနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် (၆)ကြိမ်မြောက် ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်ပရိသတ်တချို့က သူတို့အသင်းရဲ့ အောင်မြင်မှုကို ပြိုင်ဘက်မန်ယူအသင်း မနာလိုဖြစ်အောင် လေယာဉ်တစ်စင်းကို ငှား ‘Liverpool FC – 6 X EUROPEAN CHAMPIONS.’ စာတန်း ချိတ်ဆွဲပြီး မန်ယူအသင်း အခြေစိုက်လေ့ကျင့်နေတဲ့ WACA ကွင်းပေါ်ကနေ ပျံသန်းစေခဲ့တာပါ။ မန်ယူအသင်းဟာ ပါ့သ်ဂလိုရီနဲ့ ခြေစမ်းပွဲအတွက် သြစတြေးလျကို ရောက်ရှိနေပြီး WACA ကွင်းမှာ လေ့ကျင့်ရေးလုပ်နေတုန်း လီဗာပူးလ်ပရိသတ်တွေက အချိန်ကိုက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လီဗာပူးလ်ပရိသတ်တစ်ဦးတည်းက စီစဉ်တာလား ဒါမှမဟုတ် လီဗာပူးလ် Fan Group ကပဲ စီစဉ်တာလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ မန်ယူအသင်း လေ့ကျင့်ခန်းအစီအစဉ်ကို ပရိသတ်(၁၂၀၀၀) လာရောက်ကြည့်ရှုခဲ့ပြီး အဲဒီအချိန်မှာပဲ စာတန်းချိတ်ဆွဲထားတဲ့ လေယာဉ်က ကွင်းပေါ်ကနေ ပျံသန်းခဲ့တာဖြစ်ပါတယ်။ မန်ယူကစားသမားတွေကတော့ အဲဒီအဖြစ်အပျက်ကို အာရုံမစိုက်ဘဲ လေ့ကျင့်ခန်းကိုသာ ပြုလုပ်ခဲ့ကြပေမယ့် ကွင်းထဲမှာရှိတဲ့ ပရိသတ်တွေကတော့ အဲဒီလေယာဉ်ကို မြင်တွေ့လိုက်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် (၂)ရာသီဆက် ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ မန်ယူအသင်းအတွက်တော့ အခုလုပ်ရပ်က မခံချိမခံသာဖြစ်စရာလို့ပဲ ပြောရမှာပါ။

လီဗာပူးလ်ပရိသတ်တွေရဲ့ လုပ်ရပ်ကို ကြည့်ရန် ရုပ်သံလင့်ခ်

REF:Daily Mail
Photo:Manchester United Facebook,Daily Mail
Naing Linn(Akhayar)
www.akhayar.com