၂၀၁၉ ခုနှစ်အတွက် PFA Players’ Player of the Year ဆုကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် Virgil van Dijk ဆွတ်ခူးနိုင်ခဲ့ပြီဆိုပြီး သတင်းတွေပေါက်ကြားနေပါပြီ။ PFA Players’ Player of the Year ဆုရရှိသူကို မနက်ဖြန်(သောကြာနေ့)မှ တရားဝင်ထုတ်ပြန်ကြေညာမှာဖြစ်ပေမယ့် ဗြိတိန်နာမည်ကျော် အားကစားသတင်းစာ Daily Mail က ဗန်ဒိုက်ဟာ မန်စီးတီးတောင်ပံကစားသမား စတာလင် Raheem Sterling ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့ပြီလို့ အတိအလင်းဖော်ပြခဲ့တာပါ။ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဗန်ဒိုက်ဟာ PFA Players’ Player of the Year ဆုအတွက် ဆန်ခါတင် (၆)ဦးစာရင်းမှာ ပါဝင်ခဲ့ပြီး ဆုရရှိဖို့ ရေပန်းစားနေသူလည်းဖြစ်ပါတယ်။

တကယ်လို့ Daily Mail က ဖော်ပြခဲ့တဲ့အတိုင်းသာ မှန်ကန်မယ်ဆိုရင် PFA Players’ Player of the Year ဆုကို လီဗာပူးလ်ကစားသမားတွေ (၂)နှစ်ဆက်တိုက် ရယူနိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာ Mohamed Salah က ဆွတ်ခူးခဲ့ပြီး ဆာလာမတိုင်ခင် ဒီဆုကို ရရှိခဲ့တဲ့ လီဗာပူးလ်ကစားသမားတွေကတော့ ဆွာရက်ဇ် Luis Suarez (2013-14), ဂျရတ် Steven Gerrard (2005-06), ဂျွန်ဘန်းစ် John Barnes (1987-88), အီယန်ရပ်ရှ် Ian Rush (1983-84), ဒဲဂလစ်ရှ် Kenny Dalglish (1982-83) နဲ့ မက်ဒါမော့ Terry McDermott (1979-80) တို့ပဲဖြစ်ပါတယ်။ PFA Players’ Player of the Year ဆုပေးပွဲအခမ်းအနားကို လာမယ့်တနင်္ဂနွေကျရင် လန်ဒန်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး သတင်းတွေထွက်နေတဲ့အတိုင်း ဗန်ဒိုက်ပဲ ဆွတ်ခူးသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီဆုအပြင် PFA Team of the Year စာရင်းကလည်း ပြင်ပလောကမှာ ပေါက်ကြားခဲ့ပါတယ်။ အခုထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီစာရင်းမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ တောင်ပံကစားသမား ဟာဇက် Eden Hazard ဟာ အံ့အားသင့်စရာကောင်းလောက်အောင် ချန်လှပ်ခံခဲ့ရပြီး ဒီရာသီမှာ ပုံမှန်ခြေစွမ်းမပြနိုင်တဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာ Paul Pogba ကတော့ ထူးထူးခြားခြား ပါဝင်ခဲ့ပါတယ်။ PFA Team of the Year စာရင်းမှာ လီဗာပူးလ်၊ မန်စီးတီးအသင်းက ကစားသမားအများစု ပါဝင်ခဲ့ပြီး မန်စီးတီးက (၆)ဦး၊ လီဗာပူးလ်အသင်းက (၄)ဦးပါဝင်ခဲ့တဲ့အတွက် ဒီလိုမျိုး အသင်း(၃)သင်းက ကစားသမား(၁၁)ဦးရွေးချယ်ခံခဲ့တာဟာ (၄၅)နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အပြင်မှာ ပေါက်ကြားနေတဲ့ PFA Team of the Year စာရင်း

Ederson, Aymeric Laporte, Fernandinho, Bernardo Silva, Aguero , Sterling ,Van Dijk , Mane ,Trent Alexander-Arnold ,Andy Robertson,Pogba

REF:Daily Mail
Photo:Soccersouls,Twitter
Naing Linn(Akhayar)
www.akhayar.com