ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဆု မျှော်လင့်ချက်အတွက် ရှေ့ဆက်နေတဲ့ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ချယ်လ်ဆီးကို ထိုက်ထိုက်တန်တန် အနိုင်ယူပြီ သူတို့ဟာ ချန်ပီယံဖြစ်သင့်တဲ့အသင်းဆိုတာ သက်သေပြခဲ့တယ်။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Sarri ရဲ့ စိုးရိမ်စိတ်များနေတဲ့ ပွဲထွက်ပုံကြောင့်လည်း ချယ်လ်ဆီးအသင်း ပွဲအချိန်အများစုက ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရတယ်။ ဟာဇက် Hazard ကို တိုက်စစ်နေရာမှာထားရင် ဘယ်လိုမှအဆင်မပြေတာကို သိရက်နဲ့ အခုပွဲမှာ တိုက်စစ်မြားဦးအဖြစ် ပွဲထုတ်ခဲ့ပြီး ပထမပိုင်းမှာ ဟာဇက်ကို လီဗာပူးလ်နောက်ခံလူတွေ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းရဲ့ Tight Defensive Play ကြောင့် လီဗာပူးလ် အခွင့်အရေး သိပ်များများမရခဲ့ပါဘူး။ ချယ်လ်ဆီးအသင်း ကွင်းလယ်က လီဗာပူးလ်ကို လုံးဝ Space မပေးခဲ့လို့ လီဗာပူးလ်တိုက်စစ် ကစားရကျပ်နေပြီး ဖြတ်တင်ဘောတွေကပဲ အဓိက တိုက်စစ်ဆင်နေရတယ်။

ဒုတိယပိုင်းမှာတော့ ပွဲကပိုကြည့်ကောင်းလာပြီး လီဗာပူးလ်အသင်းက တိုက်စစ်ပိုဖွင့်ကစားခဲ့သလို မာနေး Mane ၊ ဆာလာ Salah တို့ရဲ့ တစ်ဦးချင်းမြန်နှုန်းမြင့် ကစားဟန်ကြောင့် ချယ်လ်ဆီးခံစစ် ထိန်းချုပ်ရခက်လာခဲ့တယ်။ (၅၁)မိနစ်မှာ လီဗာပူးလ်အဖွင့်ဂိုးရခဲ့ပြီး ဟန်ဒါဆင် Jordan Henderson ရဲ့ ဖြတ်တင်ဘောကနေ မာနေးက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းခဲ့တာပါ။ လီဗာပူးလ်အသင်းရဲ့ ဒုတိယဂိုးကတော့ တကယ့်ကို လှပပြီးအဆင့်မြင့်လွန်းပါတယ်။ ချယ်လ်ဆီးအသင်း ဘယ်ခြမ်းဂိုးဧရိယာထိပ်နားကနေ ဆာလာက Dynamic Kick နဲ့ လှလှပပကန်သွင်းခဲ့ပြီး လီဗာပူးလ်အသင်းအတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူခဲ့တယ်။ အဲဒီနောက်မှာတော့ ဆာရီဟာ ခြေစွမ်းမပြနိုင်တဲ့ အိုဒွိုင်း Callum Hudson Odoi အစား ဟီဂွါအင် Gonzalo Higuain ကို ထည့်၊ ဟာဇက်ကို ပုံမှန်အတိုင်း ဘယ်တောင်ပံ ပြန်ထုတ်တော့မှ ချယ်လ်ဆီးတိုက်စစ်က အသက်ဝင်လာခဲ့တယ်။ ဟာဇက် အပိုင်အခွင့်အရေးနှစ်ကြိမ် ရခဲ့ပြီး တစ်လုံးက တိုင်ထိ၊ နောက်တစ်ကြိမ်က ဂိုးသမား အယ်လစ်ဆန် Alisson ကာကွယ်နိုင်ခဲ့လို့ ချယ်လ်ဆီး နစ်နာခဲ့ရပါတယ်။ ပထမပိုင်းကတည်းက ဒီလိုကစားကွက်နဲ့ လီဗာပူးလ်အသင်းကို Pressing လုပ်ခဲ့ရင် အနေအထားတစ်မျိုးဖြစ်သွားမယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် လီဗာပူးလ်အသင်းကတော့ ပွဲကျပ်တစ်ပွဲမှာ အနိုင်ရလဒ် ရယူခဲ့တာကြောင့် ထိပ်ဆုံးနေရာ ပြန်ရောက်ခဲ့သလို လက်ကျန်(၄)ပွဲမှာ ကာဒစ်ဖ်၊ ဟတ်ဒါဖီးလ်၊ နယူးကာဆယ်၊ ၀ုလ်ဗ်တို့နဲ့သာ ကစားရမှာဖြစ်လို့ ချန်ပီယံမျှော်လင့်ချက် ပိုအားကောင်းလာခဲ့ပါပြီ။

ပရီးမီးယားလိဂ်တနင်္ဂနွေနေ့ပွဲစဉ်ရလဒ်များ

Crystal Palace 1 – 3 Manchester City
Liverpool 2 – 0 Chelsea

Photo:Premier League Facebook,Liverpool Twitter
Naing Linn(Akhayar)
www.akhayar.com