လီဗာပူးလ်ဂိုးသမား အက်ဒရီယန် Adrian ကတော့ Hero ကနေ Villain ဖြစ်ဖို့ နည်းနည်းပဲလိုခဲ့တာပါ။ ဥရောပစူပါဖလားပွဲမှာ ပယ်နယ်တီကာကွယ်ခဲ့လို့ သူရဲကောင်းဖြစ်ခဲ့တဲ့ အက်ဒရီယန်ဟာ အခုပွဲမှာ အူကြောင်ကြောင် အမှားကျုးလွန်ခဲ့တာကြောင့် ချေပဂိုးပြန်ပေးခဲ့ရပြီး သရေကျလုနီးပါးဖြစ်ခဲ့တယ်။ ယာဂန်ကလော့ပ် Jurgen Klopp ဟာ ပွဲဆက်တွေများနေပေမယ့် အဓိက ကစားသမားအစုံအလင် ထည့်သုံးခဲ့တာကြောင့် အရင်လို ပုံစံမျိုး ပြန်မြင်ခဲ့ရတယ်။ အိမ်ရှင်ဆောက်သမ်တန်အသင်းကလည်း မထင်မှတ်လောက်အောင် လီဗာပူးလ်အသင်းကို ဒုက္ခပေးခဲ့ပြီး ပထမပိုင်းမှာ အပိုင်အခွင့်အရေးတချို့ရခဲ့ပေမယ့် အက်ဒရီယန် ကာကွယ်နိုင်ခဲ့တယ်။ လီဗာပူးလ်အသင်းဟာ အိမ်ရှင်အသင်းရဲ့တိုက်စစ်ကို ထိန်းချုပ်ဖို့ထက် ကိုယ့်ပုံစံအတိုင်း ပုံမှန်တိုက်စစ်ဆင်ကစားခဲ့ပြီး ပထမပိုင်းမပြီးခင်မှာ မာနေး Mane က ဂိုးဧရိယာထိပ်ကနေ အပြင်းကန်ချက်နဲ့ ဂိုးသွင်းခဲ့တယ်။

ဒုတိယပိုင်းမှာတော့ ဆောက်သမ်တန် ကစားအားကျသလိုဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းက ပွဲကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ (၇၁)မိနစ်မှာ ဖေမီနို Roberto Firmino က ဒုတိယဂိုးကို လှလှပပကန်သွင်းခဲ့တာကြောင့် လီဗာပူးလ်အနိုင်သေချာသွားပြီလို့ ထင်နေချိန်မှာပဲ အက်ဒရီယန်က ရူးကြောင်ကြောင် အမှားထလုပ်ခဲ့ပါတော့တယ်။ ကိုယ့်ဆီမှာရှိတဲ့ ဘောလုံးကို အေးအေးဆေးဆေး လူပေးလို့ရတဲ့အချိန်မှာ သူ့ရှေ့က ဒန်နီအင့်စ် Danny Ings ကို ထိအောင် ကန်ခဲ့လို့ ဂိုးဝင်သွားခဲ့တာပါ။ အဲဒီနောက်ပိုင်း ဆောက်သမ်တန်က သရေတစ်မှတ်ရဖို့ တိုက်စစ်ဖွင့်ကစားခဲ့သလို ဒန်နီအင့်စ်အနီးကပ် ပိတ်သွင်းချက် လွဲချော်ခဲ့လို့သာ လီဗာပူးလ် သက်သာရာရခဲ့တယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းက အသင်းကြီးပီပီ ပွဲကို ထိန်းချုပ်ကစားခဲ့လို့ (၂-၁)ဂိုးနဲ့ အနိုင်ရပြီး ရာသီအဖွင့်(၂)ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပါတယ်။

Photo:Liverpool Twitter
Naing Linn(Akhayar)
www.akhayar.com