တစ်နေ့ တစ်နေ့ လူတွေမှာ ခြင်ကိုက်လို့ ခြင်ဆေးထွန်းရ၊ တံခါးကို မိုးမချုပ်ခင် သတိထားပြီးပိတ်ရ၊ ရေမြောင်းတွေမှာ အမှိုက်တွေရှင်းရ၊ ခြင်မကိုက်တဲ့ ကပ်ခွာတွေကပ်ရနဲ့ ခြင်အန္တရာယ်ကို နည်းပေါင်းစုံနဲ့ ကာကွယ်နေကြရပါတယ်။ အဲဒီလို နည်းလမ်းပေါင်းစုံနဲ့ ခြင်ကိုက်ခံရတဲ့ အန္တရာယ်ကို ကာကွယ်နေကြရတဲ့သူတွေကို DJ Skrillex က သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားတဲ့ ခြင်အန္တရာယ်ကနေ ကာကွယ်နိုင်မယ့် ထိရောက်တဲ့ နည်းတစ်ခုကို မျှဝေပေးထားတာကို တွေ့ရှိရလို့ ပရိသတ်ကြီးတွေလည်း ပြန်လည်အသုံးချနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ရှာဖွေတွေ့ရှိမှုကတော့ Electronic Music တွေဟာ ခြင်အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ သိပ္ပွံပညာရှင်အဖွဲ့အစည်းကလည်း Yellow Fever Mosquito လို့ခေါ်တဲ့ Aedes Aegypit ခြင်တွေပေါ်မှာ Electronic Music ဟာ ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာကို
လေ့လာ အကဲဖြတ်ပေးခဲ့ကြပါတယ်။

Zika Virus တွေအပါအဝင် Aedes Aegypit ခြင်မျိုးစိတ်တွေကို ကမ္ဘာ့မြေကြီးရဲ့ အပူပိုင်းဒေသတွေမှာ တွေ့ရတတ်ပါတယ်။ ဒီခြင်မျိုးစိတ်တွေနဲ့ ရောဂါပိုးမွှားတွေဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေနိုင်တဲ့အပြင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်တဲ့အထိ ဒုက္ခပေးနိုင်တယ်လို့ လူသိများကြတဲ့အတွက် လူတိုင်းဟာ ခြင်ကိုက်ခံရခြင်း မဖြစ်ရလေအောင် ကြိုတင်ကာကွယ်နေကြခြင်း ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းက စမ်းသပ်လေ့လာမှုတွေလုပ်ဖို့အတွက် အင်းဆက်တွေအတွက် သီးသန့်ရွေးချယ်ထားတဲ့ သီချင်းတွေကို ဖွင့်ပြီး သူတို့ရဲ့လှုပ်ရှားမှုနှုန်းတွေ၊ သွေးစုပ်ယူမှုနှုန်းတွေနဲ့ မိတ်လိုက်မှုနှုန်းတွေကိုပါ အသေးစိတ်လေ့လာခဲ့ကြပါတယ်။ လေ့လာမှုတွေလုပ်ပြီးနောက် သုတေသနပညာရှင်တွေက “အသံလှိုင်းတွေဟာ ခြင်တွေရဲ့မျိုးပွားခြင်းဖြစ်စဉ်တွေအပေါ် သက်ရောက်မှုတွေ အများကြီးဖြစ်သလို အသက်ရှင်နေထိုင်ရေးနဲ့ တိရစ္ဆာန်အကောင်အရေအတွက် ထိန်းသိမ်းမှုတွေအပေါ်မှာပါ သက်ရောက်မှုတွေ ဖြစ်စေပါတယ်လို့” ရေးသားကာ ဖော်ပြထားတာ တွေ့ရပါတယ်။


လေ့လာနေတဲ့ အဖွဲ့အစည်းက DJ Skrillex ကို ရွေးချယ်ပြီး “Scary Monsters and Nice Sprites” ကို အသံနှုန်း အလွန်မြင့်တဲ့ ကြိမ်နှုန်းနဲ့ရော အလွန်နိမ့်တဲ့ ကြိမ်နှုန်းတွေနဲ့ပါ ပေါင်းစပ်ရောနှောပြီး တီးခတ်ခိုင်းခဲ့ပါတယ်။ အဲဒီလို တီးခတ်ပြီးတဲ့နောက်မှာ ရရှိလာတဲ့ ရလဒ်ကို မတ်လ (၂၅) ရက်ထုတ် ဂျာနယ် Acta Tropica မှာ ခုလိုမျိုး ဖော်ပြခဲ့ပါတယ်။ သီချင်းသံရှိတဲ့ ပတ်ဝန်းကျင်က အရွယ်ရောက်ပြီးသား ခြင်သားပေါက်လေးတွေဟာ သီချင်းသံမရှိတဲ့ ပတ်ဝန်းကျင်က ခြင်သားပေါက်လေးတွေထက်စာရင် မိတ်လိုက်ချင်စိတ် နည်းပါးသွားပါတယ်။

ဒါအပြင် သူတို့ထည့်ရေးထားတဲ့အထဲမှာ လူတွေဟာ သီချင်းသံကင်းမဲ့ဇုန်ကို ရောက်နေရင် ခြင်ပိုပြီး ကိုက်ခံရနိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတော့ သီချင်းသံရှိတဲ့နေရာမှာဆိုရင် သီချင်းသံဟာ ခြင်မတွေရဲ့ သွေးစုပ်နိုင်မှုစွမ်းအားကို လျော့ကျအောင် အနှောင့်အယှက်ပေးလိုက်တဲ့ အတွက်ကြောင့် သိပ်မကိုက်ခံရတာ ဖြစ်ပါတယ်။

ဒီရှာဖွေတွေ့ရှိမှုကနေ လူတွေ သီချင်းနားထောင်နေခြင်းဟာ ခြင်ကိုက်တဲ့ဖြစ်စဉ်ကို နှောင့်နှေးအောင်၊ သွေးစုပ်ယူနိုင်မှုကို လျော့ကျအောင်နဲ့ ခြင်တွေ မိတ်လိုက်ခြင်းကို အနှောင့်ယှက် ဖြစ်စေနိုင်လောက်တဲ့အထိ လုပ်ဆောင်ပေးနိုင်တယ်ဆိုပြီး ရေးသားကာ အဆုံးသတ်ထားတာကို တွေ့ရပါတယ်။ အဲဒီလိုလျော့ကျခြင်းကနေ Aedes ခြင်မျိုးစိတ်တွေကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကိုပါ တစ်ဆက်တည်း ထိန်းချုပ်လာနိုင်တာကလည်း နောက်ဆက်တွဲ ကောင်းကျိုးပဲ ဖြစ်ပါတယ်။

ဒီသုတေသနပြုလုပ်စမ်းသပ်မှုမှာ တီးခဲ့တဲ့”Scary Monsters and Nice Sprites” ဟာ ၂၀၁၀ ခုနှစ် စလွှင့်တုန်းက UK Official Streaming Chart မှာ နံပါတ် ( ၇၇) ချိတ်ပြီး အောင်မြင်မှုအထွတ်အထိပ်ရရှိခဲ့ကာ အမေရိကန်မှာလည်း နှစ်မီလီယံကျော်ထိတောင် ရောင်းချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၅၄ ကြိမ်မြောက် Grammy Award မှာလည်း Best Dance Recording ခေါင်းစဉ်နဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။

ကဲ…. အဲ့ဒီလို သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုကို ဖတ်ရှုပြီးရင်တော့ ခြင်ကိုက်မခံရအောင် ကိုယ်အနီးအနားနဲ့ ကိုယ်ရဲ့ဘေးပတ်ဝန်းကျင်မှာ ကျယ်လောင်တဲ့ Electronic Music တွေကိုသာ ဖွင့်ထားပြီး ခြင်အန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်ကြည့်လိုက်ကြပါတော့နော်။

H.H(Akhayar)

www.akhayar.com