ဘာစီလိုနာအသင်းခေါင်းဆောင်တိုက်စစ်မှူး မက်ဆီ Messi ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လာလီဂါသွင်းဂိုးအများဆုံး ပီချီချီဆုကို (၆)ကြိမ်မြောက်ရရှိခဲ့ပြီး ဘီလ်ဘာအိုဂန္ထ၀င်တိုက်စစ်မှူး တယ်လ်မိုဇာရာ Telmo Zarra တင်ရှိထားတဲ့ ပီချီချီဆု အကြိမ်အများဆုံးဆွတ်ခူးခဲ့တဲ့ မှတ်တမ်းကို အမီလိုက်နိုင်ခဲ့သလို လက်ရှိမှာလည်း ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)ကို (၆)ကြိမ်မြောက်ရရှိခဲ့တယ်လို့ သိရပါတယ်။ မက်ဆီ ဟာ ဒီဆုကို လာလီဂါသွင်းဂိုး(၃၆)ဂိုးနဲ့ ရရှိခဲ့တာဖြစ်သလို သူ့ရဲ့နောက်မှာတော့ PSG လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe က လီဂူးသွင်းဂိုး(၃၂)ဂိုးနဲ့ ရှိနေပါတယ်။ မက်ဆီ အတွက်တော့ စံချိန်မှတ်တမ်းတွေဟာ အမြဲလိုလိုရရှိနေတဲ့ အရာတွေဖြစ်ပြီး အခုဆိုရင် ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)ကို (၆)ကြိမ်မြောက်ရရှိခဲ့သလို ဒီဆုကို (၃)နှစ်ဆက် ရရှိခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ မက်ဆီ ဟာ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)ကို အကြိမ်အများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသလို သူ့ရဲ့ အဓိကပြိုင်ဘက် စီရော်နယ်လ်ဒို Cristiano Ronaldo ကိုလည်း ရွှေဖိနပ်ဆု(၂)ကြိမ် အသာရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူတို့(၂)ယောက်ရဲ့ အသက်အရွယ်အရ စီရော်နယ်လ်ဒို ဟာ မက်ဆီ ကို ကျော်ဖြတ်ဖို့ဆိုတာ သိပ်မလွယ်တော့သလို လက်ရှိကစားသမားတွေထဲမှာလည်း ဒီစံချိန်မှတ်တမ်းကောင်းကို အမီလိုက်နိုင်မယ့်သူကမရှိသလောက်ဖြစ်နေတာကြောင့် ဒီဆုရဲ့ အအောင်မြင်ဆုံး အဖြစ် မက်ဆီ ဟာ ပြိုင်ဘက်ကင်းဖြစ်နေပြီလို့ ပြောရမှာပါ။ ဒီနှစ်ဘောလုံးရာသီမှာတော့ မက်ဆီ ဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံဂိုး(၅၀)သွင်းယူထားပြီး မနက်ဖြန်မနက်အစောပိုင်းမှာလည်း ဗလင်စီယာအသင်းနဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကစားဖို့ရှိနေတာကြောင့် စွမ်းဆောင်ရည်ကောင်းတွေကို ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။

ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)ရရှိထားသူများ စာရင်းအပြည့်အစုံ ကြည့်ရန်လင်ခ့်

Ref: Sportskeeda
Photo: Marca , Messi Twitter
Ko Kyue(Akhayar)
www.akhayar.com