ဘာစီလိုနာ နာမည်ကျော် ကစားသမား မက်ဆီ Lionel Messi ရဲ့ သားဖြစ်သူ မက်တီယို Mateo Messi ကတော့ သူ့အဖေကို အမြဲတမ်းဆန့်ကျင်မယ်လို့တောင် တွေးထားလား မသိပါဘူး။ အသက်(၃)နှစ်ပဲ ရှိသေးပေမယ့် မက်တီယိုက အဖေကို ကောင်းကောင်းဆန့်ကျင်နေပြီး မက်ဆီက အဖြူဆို သူက အမည်းလုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဘာစီလိုနာနဲ့ ဘက်တစ်တို့ကစားခဲ့တဲ့ပွဲမှာလည်း မက်တီယိုရဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေ ပွဲကျခဲ့ရတယ်။ အဲဒီပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ မက်ဆီက သူသားတွေနဲ့ရော ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းဖော်ဆွာရက်ဇ် Luis Suarez ရဲ့သားဖြစ်သူနဲ့အတူ ပွဲကြည့်စင်မှာ ကြည့်နေတုန်း ဘက်တစ်အသင်းကစားသမား ဖယ်ကီယာ Nabil Fekir က အဖွင့်ဂိုးသွင်းလိုက်ချိန်မှာတော့ မက်တီယိုတစ်ယောက် လက်သီးလက်မောင်းတန်း အောင်ပွဲခံခဲ့တာကြောင့် ဆွာရက်ဇ်က အံ့အားတကြီးနဲ့ မက်တီယိုကို နောက်ပြောင်ခဲ့ပါတော့တယ်။

အဲဒီရုပ်သံက လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး မက်တီယိုကို လူမှုကွန်ရက်အသုံးပြုတွေက စနောက်ရေးသားခဲ့ကြပါတယ်။ မက်ဆီကို မက်တီယို ကန့်လန့်တိုက်တာက ဒီတစ်ခါတည်း မဟုတ်ပါဘူး။ သူ့အဖေရဲ့ အသင်း ရှုံးပွဲတွေ့လာပြီဆိုရင် ဒီ(၃)နှစ်သားလေးက အမြဲနောက်ပြောင်လေ့ရှိတာပါ။ မနှစ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်ကို ရှုံးခဲ့တုန်းကလည်း မက်တီယိုက မက်ဆီကို နောက်ပြောင်ခဲ့ပါသေးတယ်။ “မက်တီယိုဟာ ဘောလုံးအင်္ကျီတိုင်းကို ကြိုက်နှစ်သက်ပြီး အမြဲတမ်း ၀တ်လေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတုန်းက ကျွန်တော်တို့ သားအဖနှစ်ယောက် Playstation ကစားတော့ သူက ‘သားက လီဗာပူးလ်နော်။ ဖေဖေတို့ကို အနိုင်ကစားခဲ့တဲ့အသင်းလေ။ သားက လီဗာပူးလ်၊ ဖေဖေက ဘာစီလိုနာ’လို့ ပြောခဲ့ပါတယ်။ တချို့အရာတွေကို သူ နားလည်စပြုလာပေမယ့် သေသေချာချာတော့ သဘောမပေါက်သေးပါဘူး။ မနှစ်က ဗလင်စီယာကို ရှုံးတဲ့ပွဲမှာလည်း ‘ဗလင်စီယာနိုင်ပြီဟေး’လို့ အော်ဟစ်အောင်ပွဲခံခဲ့သလို TV မှာ ရီးယဲလ်အသင်းရဲ့ ဂိုးတွေပြရင်လည်း လက်ခုပ်တီး အားပေးလေ့ရှိပါတယ်”လို့ မက်ဆီက သားတော်မောင်ရဲ့ အမူအကျင့်တွေကို ပြောပြခဲ့ပါတယ်။ တစ်ချိန်ကျရင် မက်တီယိုဟာ သူ့အဖေလို နာမည်ကျော် ဘောလုံးသမားဖြစ်လာမလား မသိသေးပေမယ့် အခုအချိန်မှာတော့ သူက မက်ဆီနဲ့ ဆန့်ကျင်ဘက်နေရတာကို ပျော်နေပုံပါပဲ . .

ဘက်တစ်နဲ့ပွဲက မက်တီယိုရဲ့ အောင်ပွဲခံပုံကို ကြည့်ရန်လင့်ခ်

REF:The Sun
Photo:You Tube,AP
Naing Linn(Akhayar)
www.akhayar.com