ဘာစီလိုနာ နာမည်ကျော်ကစားသမား မက်ဆီ Lionel Messi ဆိုတာက လက်ရှိ ဘောလုံးသမားတွေထဲမှာ အချမ်းသာဆုံးလို့ပြောရမယ်။ သူရနေတဲ့ လစာ၊ ကဏ္ဍအသီးသီးက ရရှိတဲ့ဝင်ငွေပမာဏဟာ ကိုယ်တွေ အိပ်မက်တောင် မက်လို့မရတဲ့ ၀င်ငွေပါပဲ။ တခြား နာမည်ကျော် ဘောလုံးသမားတွေဟာ ၀င်ငွေကောင်းတာနဲ့အမျှ “ကျားကြီးတော့ ခြေရာကြီး”ဆိုသလိုပဲ မလိုအပ်တဲ့နေရာတွေမှာ ငွေတွေ သုံးဖြုန်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ မက်ဆီကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူဟာ ဘ၀ကို သာမန်အတိုင်းသာ ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတာဖြစ်ပါတယ်။

Messi-Family

Messi-Family

အသက်(၁၃)နှစ်အရွယ်မှာ လာမာစီယာအကယ်ဒမီကို စတင်ရောက်လာချိန် အရှက်အကြောက်ကြီးတဲ့၊ သူများပြောသမျှ ယုံလွယ်တဲ့ ကလေးတစ်ယောက်ပေါ့။ လာမာစီယာအကယ်ဒမီမှာ မက်ဆီကို အမြဲတမ်း စနောက်လေ့ရှိသူက အခု ဘာစီလိုနာအသင်းဖော် နောက်ခံလူ ပီကေး Gerard Pique ပါပဲ။ ပီကေး အမြဲတမ်းလုပ်လေ့ရှိတာက မက်ဆီရဲ့ ဖုန်း ဘက်ထရီကို အားမရှိတဲ့ဘက်ထရီနဲ့ လဲထားတာပါ။ မက်ဆီခမျာ တခြားသူတွေဆီကနေ Charger လိုက်တောင်းရ၊ သူ့ဖုန်းက မနက်တုန်းက အားသွင်းထားတာတောင် ဘယ်တော့မှ အားမရှိဘူးလို့ တဖျစ်တောက်တောက် ပြောတာကိုကြည့်ပြီး ပီကေးဟာ နောက်ကွယ်ကနေ ထိုင်ခွီနေတတ်သူပါပဲ။

Pique-and-Messi

Pique-and-Messi

မက်ဆီနဲ့ပတ်သက်ပြီး ပီကေးပြောခဲ့တာ မက်ဆီဟာ ရယ်စရာကောင်းလောက်အောင် ရိုးလွန်ပါတယ်တဲ့။ အခုအချိန်မှာတော့ မက်ဆီက ဘာစီလိုနာမှာ ဆရာကြီးဖြစ်နေပါပြီ။ သူဟာ ဘောလုံးပွဲမရှိတဲ့ရက်တွေဆို အိမ်မှာပဲ သား(၃)ယောက်ဖြစ်တဲ့ Thiago, Mateo နဲ့ Ciro တို့နဲအတူ အချိန်ကုန်လေ့ရှိပြီး သူ့ဆီမှာ Hulk လို့အမည်ပေးထားတဲ့ အချစ်တော် ခွေးအကြီးကြီးတစ်ကောင်လည်းရှိပါတယ်။

Messi-Lifestyle

Messi-Lifestyle

တချို့ရက်တွေမှာ သူ့သားတွေ တက်နေတဲ့ ကျောင်းကို လမ်းလျှောက်သွားကြိုလေ့ရှိပြီး တစ်ခါတလေ လူးဝစ်ဆွာရက်ဇ် Luis Suarez ကုမ္ပဏီမှာ အချိန်ဖြုန်းလေ့ရှိတယ်။ မက်ဆီနေထိုင်တဲ့ ဘာစီလိုနာမြို့ တောင်ဘက်ပိုင်း ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ Bellamar ဟာ နေချင်စဖွယ်ကောင်းတဲ့ ဒေသဖြစ်ပြီး ဆွာရက်ဇ် Luis Suarez ၊ ကော်တင်ဟို Philippe Coutinho တို့က မက်ဆီရဲ့ အိမ်နီးနားချင်းတွေပါ။ အဲဒါနဲ့ပတ်သက်လို့ ဆွာရက်ဇ်က “မက်ဆီဟာ တကယ့်ကို အိမ်နီးချင်းကောင်းပီသတယ်ဗျ။ ကျွန်တော်တို့ရဲ့ လုံခြုံရေးကိုပါ တာဝန်ယူထားတာလေ”ဆိုပြီး နောက်ပြောင်ခဲ့ဖူးတယ်။

Messi-reads-with-Thiago-left-and-the-pair-breakfast-with-Mateo-

မက်ဆီလိုအနေအထားမျိုးနဲ့ဆိုရင် ငွေကို ရေလိုသုံး၊ ဇိမ်ခံပစ္စည်းတွေနဲ့ ထည်ထည်ဝါ၀ါနေကြမယ့်သူတွေချည်းပါပဲ။ ဒါပေမဲ့ မက်ဆီကတော့ သာမန်လူတစ်ယောက်လိုပဲ သူ့ဘ၀ကို ဖြတ်သန်းနေတာပါ။ မက်ဆီရဲ့ ပြင်ပဘ၀ကတော့ အားကျစရာ၊ စိတ်ချမ်းသာစရာကောင်းတဲ့ ဘ၀လို့ပဲ ပြောရမှာဖြစ်ပါတယ် . .

REF:dailymail
Photo:OK Apartment Barcelona,Goal,Daily Mail,Sabi Gist
Naing Linn(Akhayar)
www.akhayar.com