ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေသူ မက်ဆီ Lionel Messi ဟာ အသက်(၃၁)နှစ်အရွယ်ကို ကျော်လွန်လာပြီဖြစ်ပေမယ့် သူ့ရဲ့ခြေစွမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်ဆဲဆိုတာ အထွေအထူးပြောစရာ လိုမယ် မထင်ပါဘူး။ ဒီရာသီ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံးဖြစ်အောင် ဦးဆောင်နေပြီး လာလီဂါမှာ (၂၅)ဂိုးနဲ့ သွင်းဂိုးအများဆုံးဖြစ်နေသလို၊ ပြိုင်ပွဲစုံမှာလည်း ဂိုး(၃၀)ကျော် သွင်းယူထားသူပါ။

နောက်ပြီး ဒီရာသီလာလီဂါမှာ ဂိုးဖန်တီးမှု (၁၁)ကြိမ်အထိရှိနေပြီး ၂၀၁၈ နှစ်စပိုင်းကနေ ၂၀၁၉ နှစ်စပိုင်းအထိ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ မိနစ်အလိုက် အောင်မြင်တဲ့ ဘောလုံးဆွဲပြေးမှုနှုန်း အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဆီဗီလာကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ မက်ဆီ ဟက်ထရစ်သွင်းယူခဲ့ပြီး ဒါဟာ သူ့အတွက် ပြိုင်ပွဲစုံ အကြိမ်(၅၀)မြောက် ဟက်ထရစ်ဖြစ်ခဲ့သလို လာလီဂါမှာတော့ (၃၂)ကြိမ်မြောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်လာလီဂါပွဲတွေမှာသာ ဟက်ထရစ် (၃)ကြိမ်သွင်းယူနိုင်မယ်ဆိုရင် သူ့ရဲ့ ပြိုင်ဘက်ဟောင်း စီရော်နယ်လ်ဒို Cristiano Ronaldo လာလီဂါမှာ တင်ရှိခဲ့တဲ့ ဟက်ထရစ်စံချိန်ကောင်းတစ်ခုကို ချိုးဖျက်နိုင်မှာပါ။ ရီးယဲလ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အထိ ကစားခဲ့သူ စီရော်နယ်လ်ဒိုဟာ လာလီဂါမှာ ဟက်ထရစ်(၃၄)ကြိမ်အထိ သွင်းယူခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံး သွင်းယူခဲ့သူအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ပြိုင်ပွဲစုံမှာလည်း စီရော်နယ်လ်ဒိုက ဟက်ထရစ်(၅၁)ကြိမ်နဲ့ မက်ဆီထက် အသာရနေပြီး မက်ဆီအနေနဲ့ အဲဒီအရေအတွက်ကိုလည်း အမီလိုက်ဖို့ နီးစပ်နေပါပြီ။

လာလီဂါမှာ ဟက်ထရစ်အများဆုံး သွင်းယူခဲ့သူများ

1 Cristiano Ronaldo 34
2 Lionel Messi 32
3 Telmo Zarra 23
4 Alfredo di Stéfano 22
5 Mundo 19

REF:sportskeeda
Photo:Goal,FootyRenders,Rotenburger Rundschau
Naing Linn(Akhayar)
www.akhayar.com