ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားနာမည်ကျော် ကစားသမား မက်ဆီ Lionel Messi ဟာ ၀င်ငွေအကောင်းဆုံး Celebrities တွေထဲမှာ စတုတ္ထအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ နာမည်ကျော် အမေရိကန် စီးပွားရေးမဂ္ဂဇင်းဖြစ်တဲ့ Forbes က ၂၀၁၉ ခုနှစ်အတွက် ကဏ္ဍအသီးသီးမှာ ထင်ရှားကျော်ကြားသူများ (Celebrities)အယောက်(၁၀၀)ရဲ့ ၀င်ငွေကို တွက်ချက်ဖော်ပြခဲ့တာဖြစ်ပြီး ဘောလုံးသမားတွေထဲမှာ မက်ဆီက အများဆုံးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ မက်ဆီဟာ (၁)နှစ်ကို အခွန်မနုတ်ခင် လစာအဖြစ် အမေရိကန်ဒေါ်လာ (၆၂.၇)သန်းအထိရရှိနေသလို Adidas ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်တွေအရ ၀င်ငွေအများကြီး ရရှိနေတာကြောင့် ဒီစာရင်းမှာ စတုတ္ထနေရာချိတ်ခဲ့တာပါ။

မက်ဆီရဲ့ အဓိကပြိုင်ဘက် စီရော်နယ်လ်ဒို Cristiano Ronaldo ကတော့ ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ ပါဝင်ခဲ့ပေမယ့် သူ့ဝင်ငွေပမာဏက မက်ဆီကို မမီခဲ့ပါဘူး။ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် လစာငွေက ရီးယဲလ်အသင်းမှာကစားတုန်းကထက် နည်းပါးခဲ့ပြီး (၁)နှစ်လစာငွေက အမေရိကန်ဒေါ်လာ (၁၀၉)သန်းနဲ့ အဆင့်(၆)နေရာသာ ရရှိခဲ့တာဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၀င်ငွေအကောင်းဆုံး Celebrities စာရင်းမှာ ထိပ်ဆုံးနေရာရရှိခဲ့သူက နာမည်ကျော်အဆိုတော် တေလာဆွစ်ဖ် Taylor Swift ပဲဖြစ်ပါတယ်။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ဟာ ကွင်းတွင်းကွင်းပြင်မှာ ၀င်ငွေတွေ ဘယ်လောက်ကောင်းကောင်း တေလာဆွစ်ဖ်ရဲ့ ၀င်ငွေပမာဏကို မမီခဲ့ဘဲ တေလာဆွစ်ဖ်ရဲ့ (၁)နှစ်ဝင်ငွေက အမေရိကန်ဒေါ်လာ(၁၈၅)သန်းအထိ ရှိနေတာပါ။ သူ့နောက်မှာတော့ နာမည်ကြီး မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ ကိုင်းလ်ဂျန်နာ Kylie Jenner ၊ အဆိုတော်တစ်ဦးပဲဖြစ်သူ Kanye West တို့က အစဉ်လိုက်တိုင်း ရပ်တည်နေတာဖြစ်ပါတယ်။ ၀င်ငွေအကောင်းဆုံး ထိပ်ဆုံး(၁၀)ဦးစာရင်းမှာ ဘောလုံးသမား(၃)ဦးပါဝင်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုအပြင် PSG တိုက်စစ်မှူး နေမာ Neymar လည်းပါဝင်ခဲ့ပါတယ်။

Celebrities တွေထဲမှာ ၀င်ငွေအကောင်းဆုံး ထိပ်ဆုံး(၁၀)ဦးစာရင်း
1. Taylor Swift ($185 M)
2. Kylie Jenner ($170 M)
3. Kanye West ($150 M)
4. Lionel Messi ($127 M)
5. Ed Sheeran ($110 M)
6. Cristiano Ronaldo ($109 M)
7. Neymar ($105 M)
8. The Eagles ($100 M)
9. Dr. Phil McGraw ($95 M)
10. ‘Canelo’ Alvarez ($94 M)

စာရင်းအပြည့်အစုံကို ကြည့်ရန်လင့်ခ်

REF:Forbes
Photo:Leo Messi Facebook, Cristiano Ronaldo Facebook,Taylor Swift Facebook
Naing Linn(Akhayar)
www.akhayar.com