ဒီရာသီချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအဖြစ် မန်ယူနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး သူတို့ရဲ့ အဓိက တိုက်စစ်မှူး မက်ဆီ Lionel Messi ပရီးမီးယားလိဂ်ကလပ်တွေနဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ (၁၀)ဂိုးအထိ သွင်းယူထားပြီး ဒီရာသီ ဘာစီလိုနာအသင်း သွင်းယူခဲ့တဲ့ဂိုးထက်ဝက်နီးပါးကို သူတစ်ယောက်တည်း သွင်းခဲ့တာပါ။

မက်ဆီအနေနဲ့ ချန်ပီယံလိဂ်မှာ မန်ယူနဲ့ (၄)ပွဲဆုံတွေ့ခဲ့ပြီး ၂၀၀၇-၀၈ ဆီမီးဖိုင်နယ်နှစ်ကျော့စလုံးမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ၂၀၀၈-၀၉ ဗိုလ်လုပွဲ၊ ၂၀၁၀-၁၁ ဗိုလ်လုပွဲတွေမှာ တစ်ဂိုးစီသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီရဲ့ ကစားသမားဘ၀တစ်လျှောက် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ဆုံတွေ့ခဲ့တဲ့ပွဲတွေမှာ စုစုပေါင်း(၂၂)ဂိုးအထိ သွင်းယူခဲ့ပြီး ဒါဟာ တခြားဥရောပပြိုင်ဘက်တွေကို သွင်းယူတဲ့ဂိုးထက် ပိုများတဲ့အရေအတွက်ဖြစ်ပါတယ်။ မက်ဆီရဲ့ Favourite အသင်းက အာဆင်နယ်အသင်းဖြစ်ပြီး (၉)ဂိုးအထိ သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေထဲမှာ ဂိုးအသွင်းခံရဆုံးဖြစ်ခဲ့ပါတယ်။ မန်စီးတီးအသင်းကို (၆)ဂိုး၊ ချယ်လ်ဆီးကို (၃)ဂိုး၊ မန်ယူနဲ့ စပါးအသင်းကို (၂)ဂိုးစီ သွင်းယူခဲ့တာကြောင့် ဒီညကစားမယ့်ပွဲမှာလည်း မက်ဆီ ဂိုးမြူးမလား စောင့်ကြည့်ရမှာပါ။

REF:sportbible
Photo:SPORTbible,Sportzwiki
Naing Linn(Akhayar)
www.akhayar.com