အကိုကြီးအမကြီးဆိုတာ ညီငယ်၊ညီမငယ်လေးတွေ လူ့လောကမရောက်ခင်ကတည်းက မျှော်လင့်စောင့်စားရတဲ့သူတွေပါ။ “အကိုကြီး အဖအရာ၊ အမကြီး အမိအရာ” ဆိုသလို အကိုကြီးတွေဟာ ဖခင်တစ်ယောက်လို၊ အမကြီးတွေဟာ မိခင်တစ်ယောက်လို ညီငယ်၊ ညီမငယ်တွေအတွက် အနစ်နာခံရုံမက ဆုံးမလမ်းညွှန်ပေးခဲ့ပါတယ်။ ကဲ . . အကိုကြီး၊ အမကြီးတွေက ညီငယ်၊ ညီမငယ်လေးတွေအတွက် ဘယ်လောက်ထိ ပေးဆပ်ခဲ့သလဲဆိုတာ ကြည့်ရအောင်ဗျာ။

၁။ ပညာရေး ဆုံးခန်းမတိုင်ခဲ့ဘူး။

စီးပွားရေးအဆင်မပြေဖြစ်လာပြီဆိုရင် အကိုကြီး၊ အမကြီးတွေက မိသားစုဝင်ငွေအတွက် ကျောင်းထွက်ပြီး အလုပ်လုပ်ရပါတယ်။ အငယ်တွေ စာသင်ခန်းထဲမှာ အေးဆေးပညာသင်ဖို့ အကြီးတွေကတော့ နေပူထဲမှာ ရုန်းကန်နေကြရပါတယ်။

၂။ သွန်သင်ဆုံးမပေးရတယ်။

ဖခင်မရှိတော့တဲ့ မိသားစုမှာပဲဖြစ်ဖြစ်၊ မိခင်မရှိတော့တဲ့ မိသားစုမှာပဲဖြစ်ဖြစ် အကိုကြီး၊ အမကြီးတွေက မိဘသဖွယ် သွန်သင်ဆုံးမရပါတယ်။ “ဟဲ့ ဒါလေးက ကောင်းတယ်၊ ဒါလေးက မကောင်းဘူး” ဆိုပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးကို ညီငယ်၊ ညီမငယ်တွေအတွက် သွန်သင်ဆုံးမပေးရပါတယ်။

၃။ အမြဲတမ်းအလျှော့ပေးရတယ်။

တစ်ခါတစ်လေမှာ အဝတ်အစားအသစ်အဆန်းလေးတွေ ဝယ်ဝတ်ချင်ပေမယ့်လည်း ညီငယ်၊ ညီမငယ်တွေအတွက် လက်လျှော့ခဲ့ရတာလည်း အကြိမ်ကြိမ်ပါ။ ရွေးချယ်မှုတိုင်းမှာလည်း အငယ်တွေအတွက် အမြဲတမ်းဦးစားပေးနေရပြီး ကိုယ့်ဆန္ဒတွေကို အလိုလိုဘရိတ်အုပ်ခဲ့ရပါတယ်။

You May Also Like : အသက် ၂ဝကျော်လာရင် ဘာတွေလုပ်ရမလဲ

၎။ ကာကွယ်ပေးရတယ်။

အကိုကြီး၊ အမကြီးတွေဆိုတာ ညီငယ်၊ ညီမငယ်တွေအတွက် အရေးကြုံလာရင် သတ်လုံကောင်းကြတဲ့သူတွေပါ။ ငါ့ညီမလေး ထိရင် မခံဘူးဆိုတဲ့ စိတ်ဓာတ်ဟာ ညီမတွေကို ချစ်တတ်တဲ့ အကိုတိုင်းမှာ ရှိတတ်ပါတယ်။

၅။ လူငယ်ဘဝကို အပြည့်အဝမခံစားခဲ့ရဘူး။

လူတွေကတော့ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းချင်ကြတာပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ ပျိုမြစ်ဖွယ်ကောင်းတဲ့ လူငယ်ဘဝမှာ မိသားစုစားဝတ်နေရေး ဖြေရှင်းပေးနေရတာကတစ်ဖက် အငယ်တွေအတွက် ပူပန်နေရတာကတစ်ဖက်နဲ့ဆိုတော့ ပျော်ရွှင်စရာကောင်းတဲ့ လူငယ်ဘဝကို အပြည့်အဝမခံစားခဲ့ရပါဘူး။

အဲဒီတော့ ချမ်းသာကြွယ်ဝလာတဲ့အခါ အကိုကြီး၊ အမကြီးတွေရဲ့ကျေးဇူးကို မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အကိုကြီး၊ အမကြီးတွေက ညီငယ်၊ ညီမငယ်တွေအတွက် ဘဝကြီးတစ်ခုလုံးကိုတောင် ပေးဆပ်ထားခဲ့လို့ပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com