[Zawgyi]

နိုင်ငံအသင်းနဲ့အတူ ဆုဖလားမရဖူးတဲ့ နာမည်ကျော်ကစားသမားများ (၁)

နိုင်ငံတကာဘောလုံးလောကမှာ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုဖလားတွေအဖြစ် ကမ္ဘာ့ဖလား၊ ယူရို၊ ကိုပါအမေရိကဖလား တို့ကို သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီဆုဖလားထဲက တစ်ခုခုကို ရယူနိုင်ဖို့က ဘောလုံးသမားတိုင်းအတွက် ကြီးမားတဲ့အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ နိုင်ငံကစားသမားဘ၀မှာ ဒီဆုဖလားတွေ မရဖူးတဲ့၊ မရခဲ့တဲ့ နာမည်ကျော်ကစားသမားတွေ အများကြီးပါ။ သူတို့တွေက ဘယ်သူတွေလဲဆိုတာ Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ် . .

Lionel Messi – Argentina

Messi

Messi

ဒီစာရင်းမှာ ထိပ်ဆုံးကထားရမှာက အာဂျင်တီးနား နာမည်ကျော်ကစားသမား မက်ဆီ Lionel Messi ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ အဓိက ဆုဖလားတွေ အများကြီး ရယူခဲ့ပေမယ့် လက်ရွေးစင်အသင်းနဲ့ ဘာဆုဖလားမှ မရတာက သူ့ဘ၀ရဲ့ အမည်းစက်လိုဖြစ်နေတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲ၊ ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲတွေ တက်ခဲ့ပေမယ့်လည်း ပွဲတိုင်းရှုံးခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာက ကျိန်စာလို့ပဲပြောရမလား။ မက်ဆီရဲ့ လက်ရွေးစင်ကစားသမားဘ၀မှာ ရှားရှားပါးပါးအောင်မြင်မှုဆိုလို့ ၂၀၀၈ အိုလံပစ်မှာ ရွှေတံဆိပ်ဆုရခဲ့ဖူးတာပဲ ရှိပါတယ်။

Michael Ballack – Germany

Ballack

Ballack

ဂျာမန်ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ မိုက်ကယ်ဘောလက် Michael Ballack ဟာ လက်ရွေးစင်အသင်းနဲ့ ဘာဆုဖလားမှ မရခဲ့တာကတော့ အံ့အားသင့်စရာပါ။ သူကလည်း မက်ဆီလိုပါပဲ။ ၂၀၀၂ ကမ္ဘာ့ဖလား ၊ ယူရို-၂၀၀၈ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်အထိ ရောက်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတယ်။ နောက်ထပ်တစ်ခုကလည်း ဘောလက်ဟာ ချန်ပီယံလိဂ်ဖလား မရခဲ့ဖူးတာဖြစ်ပါတယ်။ ၂၀၀၂၊ ၂၀၀၈ ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့ပေမယ့် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပြန်တယ်။

Roberto Baggio – Italy

Roberto-Baggio

Roberto-Baggio

Pony Tailed ဆံပင်နဲ့ တစ်ချိန်တုန်းက ဘောလုံးလောကကို သိမ်းပိုက်ခဲ့သူ ဘက်ဂီယို Roberto Baggio အတွက် ၁၉၉၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ နောက်ဆုံးပယ်နယ်တီမှာ သူ့ရဲ့ကန်ချက် ဂိုးဘားပေါ်ကျော်သွားလို့ အီတလီအသင်း ဒုတိယနေရာသာရခဲ့ပေမယ့် ဘက်ဂီယိုကတော့ ပရိသတ်တွေရဲ့ မေတ္တာကို ရယူနိုင်ခဲ့ပါတယ်။ ဘက်ဂီယိုရဲ့ လက်ရွေးစင်ကစားသမား အကြီးမားဆုံး အောင်မြင်မှုတွေကတော့ ၁၉၉၀ ကမ္ဘာ့ဖလားမှာ တတိယ၊ ၁၉၉၄ ကမ္ဘာ့ဖလားမှာ ဒုတိယနေရာသာ ရရှိခဲ့တာပါ။

Dennis Bergkamp – Netherlands

Dennis-Bergkamp

Dennis-Bergkamp

နယ်သာလန်အသင်းအတွက် ၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အထိ ဆယ်စုနှစ်(၁)ခုကြာ ကစားခဲ့ပေမယ့် ဘားကမ့် Dennis Bergkamp ဟာ ဘာဆုဖလားမှ မရခဲ့ဘူး။ နယ်သာလန်အသင်းရဲ့ ငွေရောင်မျိုးဆက် ကစားသမားထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ခဲ့သူ ဘားကမ့်အတွက် ပိုပြီး မခံချိမခံသာ ဖြစ်စေတာက နိုင်ငံအသင်းနဲ့ အဓိက ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲတောင် မတက်ဖူးတာပါပဲ။ ယူရို-၁၉၉၂၊ ယူရို-၂၀၀၀ ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်၊ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်တက်ခဲ့တာက ဘားကမ့်အတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်ပါတယ်။

Luis Figo – Portugal

Luis-Figo

Luis-Figo

အူဆီဘီယို Eusébio နောက်ပိုင်း ပေါ်တူဂီဘောလုံးလောကရဲ့ ကြယ်ပွင့်ဖြစ်လာခဲ့သူ လူးဝစ်ဖီဂို Luis Figo ဟာလည်း နိုင်ငံအသင်းနဲ့ ဆုဖလားမရဖူးတဲ့သူတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ Dribbling Skill ၊ Technique ၊ Tricky Movement တွေနဲ့အတူ နာမည်ကျော်ခဲ့တဲ့ ဖီဂိုဟာ ဘာစီလိုနာ၊ ရီးယဲလ်၊ အင်တာမီလန်အသင်းတို့နဲ့ ချန်ပီယံလိဂ်အပါအ၀င် ဆုဖလားအများကြီး ရယူခဲ့ပြီး တစ်ဦးချင်းအကောင်းဆုံးဆုတွေကိုလည်း ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံအသင်းမှာတော့ ၂၀၀၆ ကမ္ဘာ့ဖလား စတုတ္ထ၊ ယူရို-၂၀၀၄ ဒုတိယဆိုတာက ဖီဂိုအတွက် အမြင့်ဆုံးအောင်မြင်မှုတွေဖြစ်ခဲ့ပါတယ်။

လက်ရွေးစင်ကစားသမားဘ၀မှာ အောင်မြင်မှုမရခဲ့သူတွေဟာ တစ်ခေတ်တစ်ခါတုန်းက ဘောလုံးလောကကို စိုးမိုးနိုင်ခဲ့သူတွေချည်းပါပဲ။ ကျန်တဲ့ ကစားသမားတွေကို အပိုင်း(၂)အဖြစ် ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး . .

REF:.sportskeeda
Photo:Getty Images,FIFA,DW,ESPN,Liverpool Echo,
Naing Linn(Akhayar)
www.akhayar.com