အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာနယ်ပယ်နဲ့ မျက်ခြေမပြတ်စေဖို့ အတွက် ယနေ့၊ နောက်ဆုံးရရှိထားတဲ့ နည်းပညာသတင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ Snapdragon 730 နဲ့ Lenovo Z6 ကို တရုတ်မှာ မိတ်ဆက်

ဧပြီလမှာ Z6 Pro ၊ မေလမှာ Z6 Youth Edition တို့ကို မိတ်ဆက်ပေးပြီးနောက်မှာ Lenovo က Z6 ကို ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။

Lenovo Z6

Photo: Lenovo

မဂ္ဂနီဆီယမ်သတ္တုစပ်ဖရိန်၊ 3D ကျောဘက်ဖန်သားကိုယ်ထည်တို့နဲ့ ထွက်ရှိလာတဲ့ ပရီမီယမ်ဆန်ဆန် ဖုန်းတလုံး ဖြစ်ပါတယ်။ FHD+ Resolution ရှိတဲ့ 6.39-inch OLED Display ကို အသုံးပြုထားပြီး Notch က ကင်မရာဆန်ဆာတလုံးစာလောက်ပဲ ရှိတာတွေ့ရပါတယ်။ Display က 120Hz Refresh Rate ၊ HDR10 နဲ့ DCI-P3 Color Gamut တွေ Support လုပ်ပါတယ်။ Display နဲ့တင် ကြွေချင်စရာပါ။

ကျောကင်မရာက 24MP+ 8MP Telephoto+ 5MP Depth Sensor သုံးလုံးနဲ့ ရှေ့ကင်မရာက 16MP တလုံးပါ။

Snapdragon 730 ၊ 6GB RAM ၊ 64GB Storage တို့ ပါဝင်တဲ့ Lenovo Z6 ကို ၂၇၅ ဒေါ်လာ ကျသင့်ပါလိမ့်မယ်။ အပြာတမျိုးပဲ ထုတ်မှာပါတဲ့။

၂။ တကမ္ဘာလုံးဆိုင်ရာ Mobile Apps အသုံးစရိတ်က နှစ်ဝက်မှာတင် ဒေါ်လာ ၃၉ ဘီလျံ ရှိနေ

Mobile Apps နဲ့ Games တွေမှာ တနှစ် တနှစ်ကို သုံးနေကြတဲ့ ပိုက်ဆံတွေက မနည်းမနောပါဘဲ။ ၂၀၁၈ မှာတင် တကမ္ဘာလုံးရဲ့ Mobile Apps အသုံးစရိတ်ဟာ ကန်ဒေါ်လာ ၇၁ ဘီလျံ ရှိခဲ့ပါတယ်။

Photo: Sensor Tower

ဒီပမာဏကလည်း အခုနှစ်မှာ ပိုလို့များသွားနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီနှစ်၊ ၂၀၁၉ နှစ်ဝက်မှာတင် တကမ္ဘာလုံးရဲ့ Mobile Apps အသုံးစရိတ်က ဒေါ်လာ ၃၉.၇ ဘီလျံ ရှိနေပါပြီ။ ယမန်နှစ်ဝက်ထက် ၁၅.၄ ရာခိုင်နှုန်း ပိုများလာတာပါ။ Android Play Store နဲ့ iOS App Store က Data တွေကို ပေါင်းတွက်ထားတာ ဖြစ်ပါတယ်။

ဝင်ငွေ အများဆုံး Mobile Game ကတော့ Tencent ရဲ့ Arena of Valor (Honor of Kings) ဖြစ်ပါတယ်။ App Store နှစ်ခုပေါင်း ဝင်ငွေ ဒေါ်လာ ၇၂၈ သန်း ရထားပါတယ်။ သူ့အောက်မှာ Fate/Grand Order နဲ့ Monster Strike တို့ ရှိပါတယ်။ Game မဟုတ်တဲ့ Mobile Apps ထဲမှာတော့ Tinder က အများဆုံးပါ။ ပြီးရင်တော့ Netflix ဖြစ်ပါတယ်။

၃။ Level 4 မောင်းသူမဲ့ကားတွေကို ၂၀၂၄ မှာ ရောင်းချမယ့် BMW နဲ့ Mercedes

BMW နဲ့ Mercedes ရဲ့ မိခင်ကုမ္ပဏီ Dailmer တို့ အတူပေါင်းပြီး မောင်းသူမဲ့ကားထုတ်မယ့်အကြောင်းကို ဒီနှစ်အစောပိုင်းက ကြေညာခဲ့ပါတယ်။

BMW

Photo: BMW

ယနေ့မှာတော့ Level 4 အဆင့်ရှိတဲ့ မောင်းသူမဲ့ကားတွေကို ၂၀၂၄ အမီ ရောင်းချသွားမယ်လို့ ကုမ္ပဏီနှစ်ခုက ကြေညာလိုက်ပါတယ်။ မောင်းသူမဲ့ယာဉ်နည်းပညာမှာ SAE Levels က 0 ကနေ 5 အထိ ရှိပါတယ်။

BMW နဲ့ Mercedes တို့ ကားက Level 4 ဆိုတော့ ဒရိုင်ဘာခုံ၊ စတီယာရင်တွေ ပါဦးမှာပါ။ ဒါပေမယ့် အမြန်လမ်းမှာ လူ ဘာမှ ဝင်ထိန်းစရာမလိုဘဲ အလိုအလျောက် မောင်းနှင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အလိုအလျောက်ပါကင်ထိုးစနစ်လို ယာဉ်မောင်းအကူစနစ်တွေလည်း ပါဝင်မှာပါ။

၎။ Motorola P50 ရဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့်ရက်တွေ သိရပြီ

Motorola P50 ဆိုတာ အိန္ဒိယ၊ ဘရာဇီး၊ ဥရောပ၊ ဆော်ဒီနဲ့ ထိုင်းမှာ ရောင်းခဲ့တဲ့ Motorola One Vision ကို ဘာညာ ပြန်ပြောင်းထုတ်ထားတာပါ။ One Vision မှာ Stock Android နီးပါး UI နဲ့ ဖြစ်ပေမယ့် အခု P50 မှာတော့ ZUI ဖြစ်သွားပါလိမ့်မယ်။ တရုတ်တနိုင်ငံတည်းမှာပဲ ရောင်းသွားမှာပါတဲ့။

Photo: NDTV Gadgets

P50 ကို ဇူလိုင် ၁၅ ရက်မှာ Pre-order စ တင်နိုင်မှာ ဖြစ်ကာ၊ ဇူလိုင် ၂၀ မှာ ရောင်းပေးသွားမှာပါ။ Sapphire Blue နဲ့ Bronze နှစ်ရောင်ထဲ ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၃၆၄ ဒေါ်လာလောက် ရှိပါလိမ့်မယ်။

၅။ ရုရှားနိုင်ငံရဲ့ ထိပ်ဆုံး စမတ်ဖုန်း Brand လေးခုထဲမှာ Huaewi ပါလာပြီ

ရုရှားနိုင်ငံဆိုတာ သတင်းအချက်အလက် လွယ်လွယ်ရတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဒါပေမယ့် ထိပ်တန်းလျှို့ဝှက်သတင်းတွေကို ဖော်ပြပေးနေတဲ့ Portal တွေတော့ ရှိပါတယ်။ ဒီထဲမှာ Avito လည်း ပါဝင်ပါတယ်။

Avito က ၂၀၁၉ နှစ်ဝက်အတွင်း ရုရှားမှာ ရောင်းအားအကောင်းဆုံး ထိပ်တန်း ဖုန်း Brand ငါးခုကို ထုတ်ပြန်ကြေညာပေးလိုက်ပါတယ်။ ဒီစာရင်းထဲမှာ တရုတ်ကုမ္ပဏီ Huawei ပါလာပါပြီ။ အရင်ထက် အဆင့် ၂ ဆင့် တက်လာတာပါ။

Huawei

Photo: Gizmochina

ရုရှားတနိုင်ငံလုံးမှာ ရောင်းရတဲ့ ဖုန်းအားလုံးမှာ ၇ ရာခိုင်နှုန်းလောက်က Huawei ဖုန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ပထမကတော့ ကန်အခြေစိုက် Apple ပါ။ ၄၃.၅ ရာခိုင်နှုန်းလောက် ဝေစု သိမ်းပိုက်ထားပါတယ်။ HMD Global ရဲ့ Nokia က နံပါတ် ၅ နေရာမှာပါ။ ဒုတိယက Samsung နဲ့ တတိယက Xiaomi ဖြစ်ပါတယ်။

၆။ Followers ၃ သောင်းဆို Celebrity ဖြစ်ပြီလို့ UK ကြော်ငြာအေဂျင်စီတခု ပြော

Social Media မှာ Folllower ဘယ်လောက်ရှိမှ “ဆယ်လီ” ဖြစ်ပြီလို့ သိထားပါသလဲ။ ဘယ်သူမှ တိတိကျကျ မသတ်မှတ်ထားဘူး ထင်ပါတယ်။

Celebrity

Photo: Medium

ဒါပေမယ့် UK က ကြေညာစံနှုန်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (Advertising Standards Authority) က Follower ၃ သောင်းဆို ‘Celebrity’ ဖြစ်ပြီလို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ဖြစ်ပုံကတော့ Instagram မှာ Follower ၃၂,၀၀၀ ရှိတဲ့ ThisMamaLife က Phenergan Night Time ဆိုတဲ့ အိပ်ဆေး ကြော်ငြာတင်ပေးရာက စပါတယ်။ သူတို့ ပို့စ် Description မှာ ဒါက ကြော်ငြာပါလို့လည်း ထင်ထင်ရှားရှား အသိပေးထားပါတယ်။

ဒါပေမယ့် UK မှာက Celebrity နဲ့ ကျန်းမာရေးပညာရှင်တွေအနေနဲ့ ဆေးဝါးကြော်ငြာပေးတာတွေ မလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။ သူ့ Follower အရေအတွက်က Celebrity လို့ ခေါ်ထိုက်တာကြောင့် တားမြစ်ချက်နဲ့ သွားငြိနေတာ ဖြစ်ပါတယ်။

ThisMamaLife ကို ဘယ်လို အရေးယူမလဲတော့ မသိရသေးပါဘူး။

၇။ Instagram Posts တွေမှာ Tag လိုက်တွဲနေတဲ့ ကုမ္ပဏီထံကနေ Kim Kardashian တယောက် နစ်နာကြေး ဒေါ်လာ ၂.၈ သန်း ရရှိ

Kim Kardashian West တယောက် ဖက်ရှင်ကုမ္ပဏီတခုကို အမှုနိုင်သွားတာကြောင့် ဒေါ်လာ ၂.၈ သန်း ရတော့မှာ ဖြစ်ပါတယ်။

Missguided ဆိုတဲ့ ဖက်ရှင်ကုမ္ပဏီဟာ သူ့ “အသွင်အပြင်နဲ့ မူပိုင်လက္ခဏာတွေ” ကို အသုံးပြုပြီး၊ သူဝတ်သမျှ အဝတ်အစားတွေကို Replicas လိုက်ရောင်းနေလို့ တရားစွဲခဲ့တာပါ။ မခန့်တာက ဒီကုမ္ပဏီဟာ Instagram မှာ တင်ရောင်းသမျှ Post တိုင်းမှာလည်း Kim Kardashian ကို Tag တွဲထားပါသေးတယ်။

Kim Kardashian

Photo: The Verge

တကယ်တမ်းတော့ Missguided ကုမ္ပဏီရဲ့ Instagram အပြုအမူဟာ မူပိုင်ခွင့်ဥပဒေနဲ့ ငြိ၊ မငြိဆိုတာ တရားခွင်မှာတောင် မဆွေးနွေးလိုက်ရဘူး။ ကုမ္ပဏီက ရုံးချိန်းလုံးဝမလာတာကြောင့် အမှုရှုံးသွားတာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားတရားသူကြီးတဦးက Missguided ကုမ္ပဏီအနေနဲ့ Kardashian West ကို နစ်နာကြေး ဒေါ်လာ ၂.၇ သန်းနဲ့ တရားရုံးစရိတ် ဒေါ်လာ ၅၉,၆၀၀ ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။ နောက်ထပ်မသုံးဖို့လည်း ပြောထားပါတယ်။

Ref: The Verge, GSM Arena, Gizmo China, Engadget, Reuters