အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာနယ်ပယ်နဲ့ မျက်ခြေမပြတ်စေဖို့ အတွက် ယနေ့၊ နောက်ဆုံးရရှိထားတဲ့ နည်းပညာသတင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ Sony ကလည်း ခေါက်ချိုးဖုန်းထုတ်ဖို့ စဉ်းစားနေ

Sony

Photo: Price Pony

Sony ဟာ ဖုန်းလုပ်ငန်းအခြေအနေ မကောင်းပေမယ့် Xperia ဖုန်းအသစ်တွေကိုတော့ ပုံမှန် ဆက်ထုတ်ပေးနေပါတယ်။ မကြာခင်ကမှ ထုတ်ရောင်းခဲ့တဲ့ Xpera 1 ဆိုလည်း အရင်လောက် မပေါက်ပေမယ့် အကောင်းဆုံး Sony ဖုန်းတလုံးလို့ ပြောနိုင်ပါတယ်။

အခုလည်း Sony က Foldable ဖုန်းတလုံးပါ ထုတ်ဖို့ လုပ်နေတယ်လို့ သတင်းထွက်လာပါတယ်။ ရှေ့ပြေးမော်ဒယ် (Prototype) လည်း ထုတ်ထားပြီးပြီလို့ သိရပါတယ်။ 10x Zoom Camera ၊ LG Display ၊ Snapdragon 7250 Processor ၊ 3,220mAh ဘက်ထရီတွေနဲ့ ပါ။ Snapdragon 7250 ကတော့ Prototype မော်ဒယ်မို့လို့ သုံးထားတာပါ။ တကယ်ရောင်းမယ်ဆိုရင်တော့ Snapdragon 855 ဒါမှမဟုတ် နောက် Snapdragon အသစ်နဲ့ လာမှာပါ။

Sony ရဲ့ Foldable ဖုန်းသတင်းက တွေးကြည့်ရင်တော့ ယုတ္တိရှိပါတယ်။ Sony ကိုယ်တိုင်ကလည်း Display တွေ ထုတ်နေသလို၊ ကိုယ်ပိုင် Display အပျော့တွေလည်း ထုတ်နိုင်တာကြောင့် ထုတ်မယ်ဆို ထုတ်နိုင်မှာပါ။ ကိုယ်ပိုင် Foldable နည်းပညာမသုံးလည်း Samsung ဟာ ဝယ်သုံးလို့ ရရင် ရမှာပါ။

၂။ Huawei ရဲ့ ကိုယ်ပိုင် Mobile OS က Android ထက်တောင် မြန်မယ်

Android vs HongMeng

Photo: Tech Worm

Huaewi ကို အမေရိကန်ကုမ္ပဏီတွေနဲ့ ပြန်ကုန်သွယ်ခွင့် ပေးထားတယ်ဆိုပေမယ့် Blacklist က ကွင်းလုံးကျွတ်လွတ်တာတော့ မဟုတ်သေးပါဘူး။ အနာဂတ်က မသေချာသေးတာကြောင့် Huawei အနေနဲ့ Backup Plans တွေ သေချာလုပ်ထားမှာပါ။ SD Card ဆိုလည်း NM Cards ဆိုပြီး အစားထိုးပြီးပါပြီ။ ကိုယ်ပိုင် HongMeng OS (Ark OS) ဆိုပြီး လုပ်နေတာလည်း သိပြီးကြမှာပါ။

Huawei ရဲ့ CEO ကတော့ ကိုယ်ပိုင် Mobile OS အသစ်ဟာ Android ထက် ၆၀ ရာခိုင်နှုန်း ပိုမြန်မယ်ဆိုပြီး ထုတ်ပြောထားပါတယ်။ Viewpoint နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ Ren Zhengfei က ထုတ်ပြောလိုက်တာပါ။ ဒါ့အပြင် ဒီ OS ကို ဖုန်းတွေတင် မဟုတ်ဘူး၊ ဆားကစ်ဘုတ်တွေ၊ Network Switches ၊ Routers နဲ့ Data Centers တွေအပြင် ကားတွေမှာပါ သုံးနိုင်အောင် လုပ်ထားတယ်လို့ ဆိုပါတယ်။

၃။ Apple Co-founder Steve Wozniak က Facebook မသုံးဖို့ ပြော

Steve Wozniak

Photo: TMZ

Facebook ကို ဝေဖန်လိုက်တဲ့ နည်းပညာဂုရုကြီးတွေထဲမှာ Apple ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Steve Wozniak လည်း ပါဝင်လာပါပြီ။

Wozniak က ကမ္ဘာ့အကြီးဆုံး Social Network ဖြစ်တဲ့ Facebook ကို မသုံးကြတော့ဖို့နဲ့ ရှိပြီးသား အကောင့်တွေကိုပါ ဖျက်ပစ်သင့်ကြောင်း တိုက်တွန်းလိုက်တာပါ။ Facebook က ရတဲ့ အကျိုးကျေးဇူးအချို့ဟာ Privacy ဆုံးရှုံးရတာနဲ့ ယှဉ်ရင် တန်တယ်လို့ ပြောနိုင်ပေမယ့် Facebook ကနေ ထွက်ဖို့ နည်းလမ်းရှာဖို့ပဲ အကြံပေးချင်တယ်လို့ Woz က ဆိုပါတယ်။

သူ့ Facebook အကောင့်ကိုလည်း Cambridge Analytica ဒေတာအရှုပ်တော်ပုံ ထွက်လာပြီးနောက် ၂၀၁၈ မှာ ဖျက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့တုန်းကလည်း Facebook ဟာ သူ့ကို ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးသာ ပိုပေးကြောင်း ပြောခဲ့ပါသေးတယ်။

၎။ ဖုန်း၊ တက်ဘလက်လို သုံးနိုင်မယ့် IBM ရဲ့ Foldable Smartwatch

3D Renders of IBM Smartwatch Patent

Photo: LetsGoDigital

Foldable Smartphones တွေတောင် သုံးစွဲသူတွေလက်ထဲ မရောက်လာသေးပေမယ့် ပိုမို ဆန်းသစ်တဲ့ Foldable Device Design တွေကို တွေ့နေရပါပြီ။

အခုလည်း IBM က အမိုက်စား ဒီဇိုင်းနဲ့ Foldable Smartwatch တလုံးကို မူပိုင်ခွင့်တင်ထားပါတယ်။ ဒီတိုင်း ခေါက်ထားတုန်း ကြည့်မယ်ဆိုရင်တော့ စခရင်ခပ်ကြီးကြီးနဲ့ Smartwatch တလုံးပါပဲ။ ထူးခြားတာက Main Screen အောက်မှာ နောက်ထပ် Screen တွေ အများကြီး ညှပ်ထည့်ထားတာပါ။ ဒီ အပို Display တွေကို နာရီ Housing ထဲကနေ အပြင်ကို ဆွဲထုတ်ပြီး၊ ဖုန်းအရွယ်၊ တက်ဘလက်အရွယ် ပြောင်းနိုင်တာပါ။

IBM ဒီဇိုင်းကို Final Product အဖြစ် တွေ့မြင်ရမယ့် ပုံစံကို LetsGoDigital က ပုံဖော်ပေးထားပါတယ်။
အခု ဒီဇိုင်းမှာ ပြဿနာတခုရှိမှာက အပြင်ဆွဲထုတ်ထားတဲ့ Display တွေကို အောက်က ကျားကန်ထိန်းထားပေးဖို့ မလွယ်တာပါ။ ဒီတိုင်း လက်မှာ ပတ်ထားတိုင်း ဖုန်းလို တက်ဘလက်လို သုံးဖို့ မဖြစ်နိုင်ပါဘူး။ နာရီကြိုးကို ဖြုတ်၊ Housing ကိုပဲ အောက်ချ သုံးမယ်ဆိုရင်တော့ ရပါလိမ့်မယ်။

IBM ဟာ တနှစ်ကို Patent ပေါင်း ၈,၀၀၀ လောက် တင်နေတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ ဆယ်စုနှစ် ၃ ခုနီးပါး အမေရိကန်မှာ မူပိုင်ခွင့်တင်တာ အများဆုံးကုမ္ပဏီအဖြစ် ဦးဆောင်နေပါတယ်။ ဒီတော့ အခု ဒီဇိုင်းကလည်း Patent အဖြစ်ပဲ ကုန်ဆုံးသွားမလား၊ တကယ်ထုတ်နိုင်မလား မသေချာပါဘူး။

၅။ မျိုးချစ်စိတ် တခုတည်းနဲ့ သူ့ Products တွေ ဝယ်မသုံးစေချင်ကြောင်း Huawei ပြော

Huawei

Photo: Yahoo News

အမေရိကန်အစိုးရက Huawei ကို Blacklist ထည့်လိုက်ပြီးနောက် တရုတ်ပြည်တွင်းမှာ အုံအုံကြွကြွ ဖြစ်သွားတာကို ဖတ်လိုက်ရမှာပါ။ တရုတ် ပြည်သူတိုင်း Huawei ကို မျိုးချစ်စိတ်နဲ့ ဝိုင်းအားပေးကြဖို့ လှုပ်ရှားမှုတွေပါ ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့် Huawei ရဲ့ Public Affairs and Communications Department ရဲ့ ဒါရိုက်တာဖြစ်သူ Chen Lifang ကတော့ မျိုးချစ်စိတ် တခုတည်းနဲ့ ကုမ္ပဏီ ရေရှည် မရပ်တည်နိုင်ကြောင်း ထုတ်ပြောလိုက်ပါတယ်။ Huawei ကို တခြားလူတွေ၊ မီဒီယာတွေ ဘယ်လိုပဲ သမုတ်ကြပါစေ၊ ကင်ပွန်းတပ်ကြပါစေ ဂရုမစိုက်ဘဲ အရည်အသွေးကောင်းတဲ့ Products တွေ ထုတ်ဖို့သာ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။

၆။ Y-series စမတ်ဖုန်းတွေနဲ့ UAE ကို ခြေလှမ်းချဲ့လိုက်တဲ့ Vivo

Vivo Y17 Black

Photo: Pickaboo

နိုင်ငံတကာအဆင့် အောင်မြင်မှုရတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ Vivo လည်း အပါအဝင်ပါ။ Vivo ဟာ အခုနောက်ပိုင်း နှစ်တွေမှာ ဈေးကွက်ပျံ့နှံ့မှုကို အာရုံစိုက်လာတာ တွေ့ရပါတယ်။ အခုလည်း ဈေးကွက်ချဲ့ထွင်တဲ့အနေနဲ့ UAE ဈေးကွက်ကိုပါ ဝင်ရောက်တော့မှာပါ။

ဘတ်ဂျတ်စမတ်ဖုန်း Vivo Y15 ကို UAE မှာ စတင် ရောင်းချနေပြီ ဖြစ်ကာ၊ နောက်ထပ် Y-series တလုံး Vivo Y17 ကိုလည်း ဒီတပတ်အတွင်း စရောင်းဖို့ စီစဉ်ထားပါတယ်။

Vivo Y17 မှာ 6.35-inch HD+ LCD ၊ Helio P35 Processor ၊ 4GB RAM နဲ့ 128GB Internal Storage တို့ ပါဝင်ပါတယ်။

12M Main Camera ၊ 8MP Wide-angle Lens ၊ 2MP Depth Camera နဲ့ ကျောကင်မရာသုံးလုံး၊ 20MP ရှေ့ကင်မရာတလုံး ပါဝင်ပါတယ်။ 5,000mAh ဘက်ထရီမှာ 18W Dual Engine Fast Charging လည်း သုံးနိုင်မှာပါ။

၇။ ၂၉ ဒေါ်လာတန် Mi Business Casual Backpack 2 ကို Xiaomi ထုတ်ပေး

Xiaomi Mi Business Casual Backpack 2

Photo: Gizmochina

Xiaomi က မိခင်တရုတ်နိုင်ငံမှာ Mi Business Casual Backpack 2 ကို ထုတ်ပေးလိုက်ပါပြီ။ နာမည်ဖတ်လိုက်ရုံနဲ့ ဒုတိယမျိုးဆက်ဆိုတာ သိမှာပါ။

Mi Business Casual Backpack 2 ဟာ အရင်မော်ဒယ်နဲ့ ကွာခြားသွားပါတယ်။ သီးသန့် အိတ်အကန့် ၂ ခု ပါဝင်မှာပါ။ ကျောဘက် ကပ်နေတဲ့ အကန့်အကြီးမှာ ၁၅ လက်မ Laptop တလုံး ဆံ့ပြီး၊ အပြင်အကန့် မှာတော့ စာအုပ်လို ပစ္စည်းအသေးအမွှားလေးတွေ ထည့်နိုင်မှာပါ။ အကန့် ၂ ခုလုံးကို ၁၈၀ ဒီဂရီအထိ လှန် ဖွင့်နိုင်ပါတယ်။ Capacity က 21L ကနေ 26L ဖြစ်သွားတာကြောင့် အရင်မော်ဒယ်ထက်လည်း ပစ္စည်းပိုဆံ့မှာပါ။

650D Oxford အသား အညိုရင့်ရောင်နဲ့ ထုတ်လုပ်ထားပြီး၊ ရေစိမ့်မဝင်နိုင်ပါဘူး။ အလေးချိန် ၀.၉၃ ကီလိုဂရမ် ရှိပါတယ်။ အရင်မော်ဒယ်ထက် ၁၃ ရာခိုင်နှုန်းလောက် ပိုပေါ့သွားမှာပါ။ ကျောနဲ့ တပြေးတည်း ကပ်နေတဲ့ ဒီဇိုင်းကို သုံးထားတာကြောင့် ပခုံးအပေါ် ဖိအား သက်သာစေမှာ ဖြစ်ပါတယ်။

Ref: Gizmochina, GSM Arena, Android Community