ဒီတစ်ပတ်ရဲ့လာလီဂါပွဲစဉ်(၄)မှာတော့ ရီးယဲလ်အသင်းက လီဗန်တေး ၊ ဘာစီလိုနာအသင်းက ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်(၃)မှာ ရီးယဲလ်နဲ့ ဘာစီလိုနာ (၂)သင်းလုံးဟာ နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် အခုလာလီဂါပွဲစဉ်(၄)မှာတော့ နိုင်ပွဲရှာဖွေသွားရမှာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – လီဗန်တေး ( စနေညနေ ၅း၃၀ နာရီ )

ကစားထားတဲ့ လာလီဂါ(၃)ပွဲလုံးမှာတော့ ရီးယဲလ်အသင်းဟာ ထိုက်သင့်တဲ့ ခြေစွမ်းမျိုးတွေပြသနိုင်ခဲ့ပြီး အရင်ကထက်ပိုတိုးတက်လာတဲ့ အခြေအနေတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာ ရီးယဲလ်အသင်းကြုံတွေ့နေရတာကတော့ နိုင်ပွဲတစ်ပွဲရဖို့ ကံခေနေတာပဲဖြစ်ပါတယ်။ ဗယ်လာဒိုလစ်ကို သရေကျတဲ့ပွဲမှာ ဒီအချက်ကထင်သာမြင်သာရှိခဲ့ပြီး ကံတရားရဲ့ဖေးမမှုကလည်း ရီးယဲလ်အသင်းအတွက် လိုအပ်နေပါတယ်။ လီဗန်တေးအသင်းကတော့ လတ်တလောမှာ ပုံစံကောင်းကို ရနေပြီး ကစားထားတဲ့ လာလီဂါ(၃)ပွဲမှာ နောက်ဆုံး(၂)ပွဲဆက် အနိုင်ယူထားပါတယ်။ အနိုင်ယူထားတဲ့ အသင်းတွေကလည်း ရီးယဲလ်အသင်း သရေသာကစားနိုင်ခဲ့တဲ့ ဗီလာရီးယဲလ်နဲ့ ဗယ်လာဒိုလစ်တို့ဖြစ်နေတာကြောင့် စိတ်ဓာတ်ပိုင်းမြင့်တက်နေမှာ သေချာပါတယ်။ ဒါ့အပြင် လီဗန်တေးအသင်းဟာ ရီးယဲလ်ကွင်းမှာ ရီးယဲလ်အသင်းကို နောက်ဆုံး(၂)နှစ်ဆက် ရှုံးပွဲမရှိအောင်ကစားထားပြီး (၁)ပွဲနိုင် ၊ (၁)ပွဲသရေရလဒ် ရရှိထားတာပါ။ အခြေအနေ အချက်အလက်တွေအရ ဒီပွဲကစိတ်ဝင်စားဖို့ကောင်းနေပြီး လီဗန်တေးအသင်းကလည်း ပုံစံကောင်းမှာရှိနေပေမယ့် အနိုင်ရလဒ်အတွက် နိုင်ပွဲမဖြစ်မနေရှာဖွေဖို့ ဖိအားရှိနေတဲ့ ရီးယဲလ်အသင်းကိုပဲ ရွေးချင်ချင်ပါတယ်။ (၂)သင်းပေါင်း သွင်းဂိုးများဖို့ ရှိနေပြီး ရီးယဲလ်(၃-၂)လီဗန်တေး ရလဒ်မျိုးဖြစ်နိုင်ပါတယ်။

ဘာစီလိုနာ – ဗလင်စီယာ ( တနင်္ဂနွေနေ့ မနက် ၁း၃၀ နာရီ )

မက်ဆီ Messi မပါဝင်တဲ့ ဘာစီလိုနာအသင်းဟာ ပါဝင်တဲ့ ဘာစီလိုနာအသင်းနဲ့ ကွာခြားချက်ကြီးတာကြောင့် ဒီပွဲမှာလည်း အားနည်းချက်တွေရှိနေမှာကတော့ သေချာပါတယ်။ လက်ရှိ ဘာစီလိုနာအသင်းရဲ့ ခံစစ်ပိုင်းက အားနည်းချက် အနည်းငယ်ရှိနေပြီး ဂိုးပေးရလွယ်နေသလို လာလီဂါနောက်ဆုံး(၃)ပွဲမှာ (၅)ဂိုးထိပေးထားရပါတယ်။ ကစားသမားသစ်တွေမှာ ဂရစ်ဇ်မန်း Griezmann က အဆင်ပြေနေပြီဖြစ်ပေမယ့် ဒီယွန်း De Jong ကတော့ အခုချိန်ထိ အသင်းနဲ့ အံမ၀င်သေးတာကြောင့် နည်းပြဗယ်လ်ဗာဒီ Valverde ဒီအရာကိုပြင်ဆင်သွားရမှာဖြစ်ပါတယ်။ ဗလင်စီယာအသင်းကတော့ နည်းပြမာစီလီနို Marcelino ကို မထင်မှတ်ဘဲ ထုတ်ပယ်ခဲ့တာကြောင့် ဒီအချက်က အသင်းရဲ့တည်ငြိမ်မှုကို ထိခိုက်နိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဗလင်စီယာအသင်းဟာ ဘာစီလိုနာအသင်းကို တစ်ခုမဟုတ်တစ်ခုလုပ်နိုင်ပေမယ့် လက်ရှိအနေအထားနဲ့ အဝေးကွင်းဖြစ်နေတာကြောင့် အမြင့်ဆုံးအနေနဲ့ သရေရလဒ်သာ မျှော်လင့်လို့ ရမှာပါ။ ဘာစီလိုနာအသင်းကလည်း လာလီဂါရာသီအစပိုင်းမှာတင် အမှားအယွင်းတွေများနေတာကြောင့် ဒီပွဲမှာဆက်မှားလို့ မရတော့ပါဘူး။ အနိုင်ရလဒ်အတွက် ဘာစီလိုနာအသင်းကိုပဲ ရွေးချယ်ရမှာဖြစ်ပြီး (၂)သင်းပေါင်း သွင်းဂိုးနည်းဖို့ ရှိနေသလို ဘာစီလိုနာ (၂- ၀) ဗလင်စီယာရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။

Photo: Managing Madrid , Barcelona Twitter , AS English – Diario AS
Ko Kyue(Akhayar)
www.akhayar.com