ဗီလာရီးယဲလ် ၂- ၂ ရီးယဲလ်မက်ဒရစ်

ကစားပုံမာကျောတဲ့ အသင်းတွေနဲ့ဆိုရင် ရီးယဲလ်အသင်း ရုန်းကန်ရတာကို ထပ်ပြီးမြင်တွေ့ခဲ့ရတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဗီလာရီးယဲလ်အသင်းဟာ ပွဲအစကတည်းက ရီးယဲလ်အသင်းကို မာမာထန်ထန်နဲ့ တုံ့ပြန်ကစားခဲ့ပြီး လျင်မြန်မှုကို အားပြုတဲ့ သူတို့အသင်းရဲ့ ကစားဟန်ကြောင့် ရီးယဲလ်အသင်း ကစားကွက်တည်ရခက်ခဲခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ရီးယဲလ်ကွင်းလယ်ရဲ့ ဘောလုံးပေးပို့ပုံအမှားအယွင်းတချို့ကို မြင်ခဲ့ရပြီး ဒီအနေအထားမှာ ဗီလာရီးယဲလ်အသင်းက ဖြတ်တောက်ရယူပြီး ရီးယဲလ်ဘက်ကို တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၁၂)မိနစ်မှာတော့ ဒီလိုအနေအထားမျိုးကနေ ဗီလာရီးယဲလ်အသင်း ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပြီး Toko Ekambi ရဲ့ကန်ချက်ကို ဂိုးသမားကော်တိုအာ Courtois ကာကွယ်တာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်ကနေလိုက်ပါတဲ့ တိုက်စစ်မှူး ဂျာရတ်မော်ရီနို Gerard Moreno က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာ Benzema ၊ ဂျိုဗစ် Jovic ၊ ဘေးလ် Bale တို့ရဲ့တိုက်စစ်ကတော့ စုစည်းမှုအပြည့်ရှိနေတဲ့ ဗီလာရီးယဲလ်ခံစစ်ကို ထိုးဖောက်ဖို့ ခက်ခဲနေတာကြောင့် ဖြတ်တင်ဘော ၊ အဝေးကန်ချက်တွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ ရီးယဲလ်အသင်းက ပွဲကိုစိုးမိုးလာနိုင်ခဲ့ပြီး ပွဲချိန်(၄၅+၁) မိနစ်မှာတော့ ချေပဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးမှာတော့ ရီးယဲလ်ကစားသမားတွေရဲ့ နားလည်မှုရှိတဲ့ အတွဲအဖက်ကို မြင်ခဲ့ပြီး ဂျိုဗစ် ၊ ကာဗာဟယ်လ် Carvajal တို့ရဲ့အတွဲအဖက်ကနေ ဘေးလ် က ရရှိလာတဲ့ အခွင့်အရေးကို အသာအယာပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗီလာရီးယဲလ်အသင်း ကစားအားကျသွားပြီး ရီးယဲလ်အသင်းကတော့ ပထမပိုင်းကထက် ပိုကောင်းအောင်ကစားလာနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာပွဲဟာ မြိုင်ဆိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အနည်းငယ် အေးတိအေးစက်ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်ကွင်းလယ်လူ တိုနီကရူးစ် Kroos ရဲ့အပိုင်ကန်ချက်တွေကိုလည်း ဗီလာရီးယဲလ်ဂိုးသမား Andrés Fernández လက်စွမ်းပြကကွယ်ခဲ့တာကြောင့် ရီးယဲလ်အသင်း ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ဒီလိုမျိုးအချိန်မှာ ဂိုးရသွားတဲ့ အသင်းက ဗီလာရီးယဲလ်အသင်းဖြစ်နေပြီး ပွဲချိန်(၇၄)မိနစ်မှာ Ontiveros ရဲ့ဖန်တီးမှုကို ဂိုးမက်ဇ် Moi Gómez က ပိတ်သွင်းယူခဲ့တာပါ။ အရှုံးကနေ လွတ်ကင်းစေမယ့် ရီးယဲလ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၈၆)မိနစ်မှာ ဘေးလ် က တစ်ကိုယ်တော်အစွမ်းနဲ့ ကောင်းမွန်တဲ့အဆုံးသတ်ကန်ချက်တို့ကို ပေါင်းစပ်ပြီး သွင်းယူခဲ့တာပါ။ ဒီပွဲမှာ ရီးယဲလ်အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ဘေးလ် ဟာ ပွဲပြီးခါနီးမှာ အ၀ါကတ်(၂)ကြိမ်ဆက်တိုက်ပြသခံခဲ့ရပြီး (၂)၀ါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo: Real Madrid Twitter , Evening Standard , Head Topics
Ko Kyue(Akhayar)
www.akhayar.com