ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စပိန်လာလီဂါပွဲစဉ်(၃၀)မှာတော့ ဗီလာရီးယဲလ်နဲ့ ဘာစီလိုနာတို့ဟာ တစ်ဖက်(၄)ဂိုးစီနဲ့ သရေကျခဲ့ကြပါတယ်။

ဗီလာရီးယဲလ် ၄ – ၄ ဘာစီလိုနာ

ဒီပွဲမှာတော့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းကိုတော့ ဆွာရက်ဇ် Suarez ၊ မယ်လ်ကွန် Malcom နဲ့ ကော်တင်ဟို Coutinho တို့က ဦးဆောင်လာခဲ့ပြီး မက်ဆီ Messi ကတော့ အရန်ခုံမှာသာရှိနေခဲ့ပါတယ်။ ဒီပွဲဟာ ပွဲချိန်အတွင်းမှာ အလှည့်အပြောင်းများစွာကို မြင်တွေ့ခဲ့ရပြီး ဘာစီလိုနာအသင်းကတော့ ပွဲအစပိုင်းမှာ အကောင်းဆုံး ချဉ်းကပ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၁၂)မိနစ်နဲ့ ပွဲချိန်(၁၆)မိနစ်တွေမှာ ဘာစီလိုနာအသင်း ဦးဆောင်ဂိုးတွေရရှိခဲ့ပြီး ကော်တင်ဟို ၊ မယ်လ်ကွန်တို့က သွင်းယူခဲ့တာပါ။ ဒီလိုအနေအထားတွေကြောင့် ပွဲဟာ ဘာစီလိုနာအသင်းအတွက် အေးဆေးဖြစ်ခဲ့ပြီလို့ ထင်ခဲ့ရပေမယ့် ဗီလာရီးယဲလ်အသင်းရဲ့ အကောင်းဆုံး ပြန်လာနိုင်စွမ်းကို မြင်တွေ့ခဲ့ရပါတယ်။

နောက်ပိုင်းမိနစ်တွေမှာတော့ ပွဲဟာ ဗီလာရီးယဲလ်အသင်းအတွက်ဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းဘက်ကို (၄)ဂိုးဆက်တိုက်သွင်းယူခဲ့ပါတယ်။ ဗီလာရီးယဲလ်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၂၃ ၊ ၅၀ ၊ ၆၂ နဲ့ ၈၀ )မိနစ်တွေမှာ ရရှိခဲ့တာဖြစ်ပြီး Chukwueze ၊ Ekambi ၊ အီဘိုရာ Iborra ၊ ဘက်ကာ Bacca တို့ကသွင်းယူခဲ့တာပါ။ ဒီသွင်းဂိုးတွေမှာတော့ ဘာစီလိုနာအသင်းရဲ့ ခံစစ်ပိုင်းအားနည်းချက်တွေကို မြင်တွေ့ခဲ့ရပြီး ပါးနပ်မှုမရှိခဲ့သလို ပြိုင်ဘက်ကို နေရာလွတ်တွေပေးလွန်းခဲ့ပါတယ်။

ပွဲချိန်(၈၆)မိနစ်မှာ ဗီလာရီးယဲလ်ကစားသမား Gonzalez (၂)၀ါ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရသလို ဒီပွဲရဲ့ ရင်ခုန်စရာအကောင်းဆုံးအချိန်တွေကတော့ ပွဲပြီးခါနီးမှစတင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ တတိယချေပဂိုးကို မက်ဆီ က ပွဲချိန်မိနစ်(၉၀)မှာ ဖရီးကစ်ကနေ ကန်သွင်းယူခဲ့တာပါ။ ပွဲချိန်(၉၃)မိနစ်မှာတော့ ဘာစီလိုနာအသင်း စတုတ္ထချေပဂိုးရရှိခဲ့ပြီး ဆွာရက်ဇ် က ဂိုးဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo: Evening Standard , Yahoo! Sports , Villareal Twitter
Ko Kyue(Akhayar)
www.akhayar.com