အိုဆာဆူနာ ၂- ၂ ဘာစီလိုနာ

အဝေးကွင်းမှာ ဘာစီိလိုနာအသင်းရဲ့ ကစားပုံက အားနည်းချက်တွေရှိနေဆဲဆိုတာကို ထပ်တွေ့လိုက်ရတဲ့ ပွဲစဉ်ပါ။ အိုဆာဆူနာအသင်းကတော့ ဘာစီလိုနာအသင်းကို ကြောက်ရွံမနေဘဲ မာမာထန်ထန်နဲ့ တုံပြန်ကစားခဲ့ပါတယ်။ ပထမပိုင်းမှာ ဘာစီလိုနာအသင်းရဲ့ ကစားပုံဟာ အားရစရာမကောင်းခဲ့သလို ဂရစ်ဇ်မန်း Griezmann ကလည်း ကွင်းလယ်ကနေ လုံလောက်တဲ့ ပံပိုးမှုမရခဲ့ပါဘူး။ ဒီနေရာမှာ အဓိကပြောရမှာကတော့ ကွင်းလယ်ကစားသမား ဒီယွန်း De Jong ဖြစ်ပြီး အခုချိန်ထိ ခြေစွမ်းမပြနိုင်သေးဘဲ တိုက်စစ်စတင်မှု မလုပ်ပေးနိုင်သေးသလို ပုံမှန်ပေးပို့မှုတွေနေဲ့သာ လည်ပတ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်း ရုန်းကန်ရတာ သိပ်မဆန်းဘဲ နောက်ပိုင်းပွဲတွေမှာတော့ နည်းပြဗယ်လ်ဗာဒီ Valverde အနေနဲ့ ရာကီတစ် Rakitić နဲ့ အာသာ Arthur တို့ကိုပွဲထွက်လူစာရင်းမှာ သုံးသင့်နေပါပြီ။ အိုဆာဆူနာအသင်းအတွက် ဂိုးကိုတော့ ပွဲချိန်(၇)မိနစ်မှာ ညာခြမ်းက Brandon ရဲ့ဖြတ်တင်ဘောကို ရောဘတ်တို တောရက်စ် Roberto Torres က အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ဘာစီလိုနာခံစစ်ကစားသမားတွေရဲ့ လူကပ်ပုံအားနည်းချက်ကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ ဖာတီ Fati နဲ့ အာသာ တို့ကို ထည့်သွင်းကစားခဲ့ပြီး ဒီကစားသမားတွေကြောင့်ပဲ ပွဲရလဒ်က အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ပွဲချိန်(၅၁)မိနစ်မှာတော့ ဘာစီလိုနာအသင်း ချေပဂိုးပြန်ရခဲ့ပြီး ကားလက်စ်ပီရက်ဇ် Carles Pérez ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဖာတီ က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ (၁၆)နှစ် (၂၉၈)ရက်နဲ့ ကစားခွင့်ရရှိခဲ့တာကြောင့် ဒုတိယမြောက်အသက် အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဖာတီ ဟာ ဒီတစ်ပတ်မှာလည်း မှတ်တမ်းကောင်းတစ်ခုကို ထပ်ရခဲ့ပါတယ်။ ဒါကတော့ ဘာစီလိုနာအသင်းရဲ့ အသက်အငယ်ဆုံး လာလီဂါဂိုးသွင်းသူနဲ့ လာလီဂါသမိုင်းတစ်လျှောက် တတိယမြောက် အသက်အငယ်ဆုံးဂိုးသွင်းသူဆိုတဲ့ မှတ်တမ်းတွေကို (၁၆)နှစ် (၃၀၄)ရက်နဲ့ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အာသာ ကြောင့် ဘာစီလိုနာကစားကွက်ကလည်း ပိုကောင်းလာခဲ့သလို တိုက်စစ်ပိုင်းက ပထမပိုင်းကထက် အိုဆာဆူနာဘက်ကိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန်(၆၄)မိနစ်မှာ အာသာ က သူ့ရဲ့တစ်ကိုယ်တော်စွမ်းရည်နဲ့ ကောင်းမွန်တဲ့ ကန်ချက်တို့ကို ပေါင်းစပ်ပြီး ဂိုးအဖြစ်ပြောင်းလဲခဲ့တာဖြစ်သလို ဒီဂိုးက သူ့ရဲ့ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အိုဆာဆူနာအသင်းရဲ့ ချေပဂိုးရဖို့ ကြိုးစားအားထုတ်မှုတွေက အရာထင်ခဲ့ပြီး ပွဲချိန်(၈၁)မိနစ်မှာ ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကိုတော့ ရောဘတ်တို တောရက်စ် ကပဲကန်သွင်းပြီး အသင်းအတွက် ချေပဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။

Photo: Barcelona Twitter , Laliga Twitter
Ko Kyue(Akhayar)
www.akhayar.com