ဘာစီလိုနာ ၅ – ၂ ဘက်တစ်

တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေများနေတဲ့ ဘာစီလိုနာအသင်းကိုတော့ ဂရစ်ဇ်မန်း Griezmann က ဦးဆောင်လာခဲ့ပြီး ပွဲအစကတည်းက ဘက်တစ်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဘာစီလိုနာအသင်းရဲ့ ကောင်းမွန်တဲ့တွဲလုံးတွေကို မြင်ခဲ့ပြီး အယ်လ်ဘာ Alba နဲ့ ရာဖင်ဟာ Rafinha တို့ရဲ့ဘယ်ခြမ်းကနေ ဘက်တစ်အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးစရသွားတဲ့ အသင်းက ဘက်တစ်အသင်းဖြစ်ပြီး ဘာစီလိုနာကွင်းလယ်ရဲ့ ပေးပို့မှု တစ်ချက်ကလေး အမှားကနေ ရရှိလာတဲ့ ဘောလုံးကို နားလည်မှုရှိရှိ ကောင်းမွန်တဲ့ တွဲဖက်မှုတွေက တစ်ဆင့် ဖယ်ကီယာ Fekir က ပွဲချိန်(၁၅)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဂိုးရဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဘက်တစ်ခံစစ်က ပုံစံကောင်းမှာရှိခဲ့သလို ဂရစ်ဇ်မန်း ကလည်း တချို့တလေ ဘောလုံးပေးပို့မှုတွေမှာ ပျက်နေခဲ့တာကြောင့် ထင်သလောက်မဖြစ်ခဲ့ပါဘူး။ ပွဲချိန်(၄၁)မိနစ်မှာတော့ ဘာစီလိုနာအသင်း ချေပဂိုးပြန်ရခဲ့ပြီး ဆာဂျီယိုရောဘတ်တို Sergi Roberto ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂရစ်ဇ်မန်း က အလိုက်သင့်ပေးထွက် ပိတ်သွင်းယူခဲ့တာဖြစ်သလို ဒီဂိုးဟာ သူ့ရဲ့ ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးလာလီဂါသွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဘာစီလိုနာကစားပုံဟာ ပထမပိုင်းကထက် ပိုကောင်းလာခဲ့သလို ဂရစ်ဇ်မန်း ကလည်း အသင်းနဲ့ အသားတကျဖြစ်သွားပြီး ခြေစွမ်းပြလာနိုင်တာကြောင့် ဘက်တစ်ခံစစ်ပြိုဆင်းခဲ့ရပြီး ဂိုးတွေဆက်တိုက်ဆိုသလို ခွင့်ပြုပေးခဲ့ရပါတယ်။ ပွဲချိန်မိနစ်(၅၀)မှာ ဘာစီလိုနာအသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဂရစ်ဇ်မန်း က လှပတဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်သလို ပွဲချိန်(၅၆)မိနစ်မှာ တတိယဂိုးကိုတော့ လူငယ်ကစားသမား ကားလက်စ်ပီရက်ဇ် Carles Pérez က တိကျတဲ့ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမိနစ်တွေမှာလည်း သွင်းဂိုးတွေကို ဆက်တိုက်ဆိုသလို မြင်တွေ့ခဲ့ရပြီး ပွဲချိန်မိနစ်(၆၀)မှာ အယ်လ်ဘာ က ဘာစီလိုနာအသင်းအတွက် စတုတ္ထဂိုး ၊ ပွဲချိန်(၇၇)မိနစ်မှာ လူစားဝင်ကစားသမား ဗီလ်ဒယ် Vidal က ဂရစ်ဇ်မန်း ရဲ့ဖန်တီးမှုကနေ ပဉ္စမဂိုး သွင်းယူခဲ့ကြပါတယ်။ဘက်တစ်အသင်းအတွက် ဒုတိယချေပဂိုးကိုတော့ ပွဲချိန်(၇၉)မိနစ်မှာ Loren Morón က ပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဂရစ်ဇ်မန်း အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပေမယ့် ဘက်တစ်ဂိုးသမား Dani Martín က ကာကွယ်နိုင်ခဲ့တာကြောင့် ဟက်ထရစ်ရနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

Photo: Barcelona Twitter , Laliga  Twitter , Ouest-France 
Ko Kyue (Akhayar)
www.akhayar.com