၂၀၁၉ – ၂၀၂၀ လာလီဂါဘောလုံးပြိုင်ပွဲကတော့ မနက်ဖြန်မနက် အစောပိုင်းမှာ စတင်ယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အခု ဒီ Article မှာတော့ လာလီဂါ အသင်းကြီးတွေရဲ့ လက်ရှိအနေအထားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Real Madrid

ရီးယဲလ်မက်ဒရစ်အသင်းကတော့ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ ဇီဒန်း Zidane တို့အသင်းကနေ ထွက်ခွာသွားတဲ့ အချိန်ကတည်းက တည်ငြိမ်မှုပျောက်ဆုံးသွားတာဖြစ်ပြီး အသင်းကို ဇီဒန်း ပြန်ရောက်လာခဲ့ပေမယ့် နလန်မထူနိုင်သေးဘဲ ပုံမှန်အောက်ရောက်နေတဲ့ အခြေအနေမှာသာ တ၀ဲလည်လည်ဖြစ်နေပါတယ်။ ဒီအနေအထားတွေကြောင့် အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ဇီဒန်း ဟာ ဟာဇက် Hazard အပါအ၀င် ကစားသမားသစ်တွေ ခေါ်ယူပြီး ကြီးမားတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားပေမယ့် လတ်တလော ခြေစမ်းပွဲတွေမှာ အသင်းရဲ့ ရလဒ်နဲ့ ခြေစွမ်းကထင်သလောက် တိုးတက်လာခြင်းမရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ဇီဒန်း က ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ ဇီဒန်း ဟာ မန်ယူကွင်းလယ်လူ ပေါ့ဘာ Pogba ကိုခေါ်ယူလိုနေပေမယ့် အသင်းက ခေါ်ယူပေးနိုင်ခြင်းမရှိတာကြောင့် ဥက္ကဌပီရက်ဇ် Pérez ရဲ့ အဆင်မပြေမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေပါတယ်။ ဒီနေရာမှ သံသယဖြစ်စရာကောင်းလာတာကတော့ ဇီဒန်း ပဲဖြစ်ပြီး အသင်းက ကစားသမားတွေကောင်းနေရင် ပြဿနာမရှိပေမယ့် ဒီကစားသမားတွေ ကျဆင်းလာတဲ့အချိန်မှာတော့ ဘာမှမလုပ်တတ်တဲ့ ပုံဖြစ်နေပါတယ်။ အခုဆိုရင်လည်း ရီးယဲလ်အသင်းက သူလိုချင်တဲ့ ကစားသမားတွေကို အရခေါ်ယူပေးထားပေမယ့် ဒီကစားသမားတွေနဲ့ အသင်းက ရှိရင်းစွဲကစားသမားတွေကို တစ်သားတည်းဖြစ်အောင် မလုပ်နိုင်သေးသလို စုစည်းကျစ်လစ်တဲ့ အသင်တစ်သင်းဖြစ်အောင် မတည်ဆောက်နိုင်သေးတာကလည်း သူ့ရဲ့အဓိက အားနည်းချက်တွေလို့ ပြောချင်ပါတယ်။နောက်တစ်ခုကတော့ ဇီဒန်း ဟာ ခြေစွမ်းကောင်းနေတောင် သူမကြိက်ရင် အသင်းမှာ နေရာပေးလေ့မရှိတဲ့တာကြောင့် အသင်းကောင်းစားဖို့ အတွက် သူ့အနေနဲ့ ဒီအရာတွေကိုပြင်ဆင်သွားရမှာဖြစ်ပါတယ်။

,

လက်ရှိ ရီးယဲလ်အသင်းမှာ ဇီဒန်း လိုမျိုး ဖိအားဒဏ်ကို ရင်ဆိုင်နေရတဲ့သူကတော့ ကစားသမားသစ် ဟာဇက် ပဲဖြစ်ပါတယ်။ ဟာဇက် ဟာ အခုဆိုအသင်းရဲ့ ကျောနံပါတ်(၇)ကစားသမားဖြစ်ခဲ့ပြီဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းက ခြေစွမ်းကို ပြနိုင်ခြင်းမရှိသေးသလို အ၀လည်းလွန်နေတာကြောင့် ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ ရီးယဲလ်အသင်းမှာ ကျောနံပါတ်(၇) ဟာ ဖိအားများတဲ့ နံပါတ်တစ်ခုဖြစ်သလို အသင်းကလည်း ဟာဇက် ကို မျှော်လင့်ချက်ကြီးကြီးထားပြီး ခေါ်ယူထားတာကြောင့် သူ့အနေနဲ့ ပုံစံကောင်းကို ပြန်ရဖို့အကောင်းဆုံး ကြိုးစားသွားရမှာပဲဖြစ်ပါတယ်။ ဟာဇက် ဟာ အရည်အချင်းပြည့်ဝတဲ့ ကစားသမားကောင်းတစ်ဦးဖြစ်တာကြောင့် တဖြည်းဖြည်းနဲ့ ရီးယဲလ်အသင်းမှာ အစွမ်းပြနိုင်မယ်လို့ ယူဆထားပါတယ်။

ရီးယဲလ်အသင်းဟာ ကစားသမားအင်အားတောင့်တင်းပေမယ့် လူသာများပြီး ပွဲမစည်ဆိုသလို ဖြစ်နေတာပါ။ အရာရာအားလုံးကတော့ နည်းပြ ဇီဒန်း ရဲ့ အရည်အချင်းပေါ်မှာသာ မူတည်နေတာကြောင့် သူ့အနေနဲ့ အရင်ကအောင်မြင်ခဲ့တာတွေကို မေ့ထားပြီး အခုလက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်။

Photo: Real Twitter , Bleacher Report , El Plural , Bóng đá
Ko Kyue(Akhayar)
www.akhayar.com