နေ့စဉ်ဘဝမှာ ကော်ဖီဟာ ကြိုက်သူတွေ အတွက်တော့ မရှိမဖြစ်ထက် ပိုပါတယ်။ ကော်ဖီဟာ မနက်ခင်းအတွက် နှိုးစက်၊ ခေါင်းကြည်ဆေး၊ စွမ်းအင်တွေ ပေးတဲ့ အားဆေးတစ်ခွက်လို့တောင် ဆိုချင်ပါတယ်။

ကော်ဖီကြိုက်သူတွေဟာ အချိန်မရရင် Instant Coffee Mix ၊ အချိန်ရရင် ကိုယ့်ဘာသာ နှပ်ဖျော်၊ အပြင်သွားရင်လည်း အလုပ်ကိစ္စစကားပြောရင်တောင် ကော်ဖီဆိုင်ကောင်းကောင်းလေးမှာ ပြောချင်ကြတာ သဘာဝပါပဲ။ ခုလို မိုးတွေ ရွာနေချိန်ဆိုရင် ကော်ဖီဆိုင်လေးမှာ ကော်ဖီကောင်းကောင်းလေးသောက်ပြီး စာဖတ်ချင်ကြတာ ကော်ဖီကြိုက်သူတွေရဲ့ အိပ်မက်တွေထဲက တစ်ခုပါ။

ဟော အခုလည်း ကိုရီးယားလူမျိုးကော်ဖီဖျော်ဆရာလေး Kangbin Lee က ကော်ဖီပေါ်မှာ လှပတဲ့ ပုံတွေ၊ ကာတွန်းပုံတွေ၊ ပန်းချီကားပုံတူတွေကို ဖန်တီးပြလိုက်တဲ့ အခါ ဒီလို သောက်ရမှာတောင် မသောက်ရက်တော့တဲ့ ကော်ဖီခွက်လေးတွေ ဖြစ်လာတာပေါ့။

Creamartcreamart 3
Kangbin Lee ဟာ အရောင်စုံ Coffee Creamer တွေ သုံးပြီး Disney (ဒစ်စနေး) ကာတွန်းရဲ့ နာမည်ကြီးဇာတ်ကောင်တွေရဲ့ ပုံတူတွေကအစ ဗန်ဂိုးရဲ့ ပန်းချီကားတွေအဆုံး ကော်ဖီပေါ်မှာ ဆွဲပြခဲ့တာဖြစ်ပြီး  သူ့ရဲ့ အနုပညာကော်ဖီလက်ရာပုံစံတွေကိုတော့ သူက “Creamart” လို့ ခေါ်ပါတယ်။

သူ့ရဲ့ ပြောင်မြောင်တဲ့ ဖန်တီးမှုတွေကြောင့် ကော်ဖီခွက်ပုံတွေ တင်ထားတဲ့ သူ့ရဲ့ Instagram အကောင့်မှာ Follower  တစ်သိန်းပြည့်တော့မှာ ဖြစ်ပါတယ်။ သူက ရှင်းပြခဲ့တာတော့ ဒီလိုဆွဲနိုင်ဖို့အတွက် တကူးတက လေ့ကျင့်ခဲ့တာ မဟုတ်ပါဘူးတဲ့၊ ပြီးတော့ သူ့ရဲ့ “Creamart” တွေဟာ ကြည့်လို့ကောင်းရုံတင်မဟုတ်ဘဲ သောက်လို့ ကောင်းအောင်ပါ ဖန်တီးထားတယ်ဆိုတာပါပဲ။ “Creamart” တွေဟာ ကော်ဖီအေးအမျိုးအစားလည်း ဖြစ်ပါတယ်။

Creamart 2
Lee ရဲ့ ကော်ဖီအနုပညာဖန်တီးမှုတွေဟာ အရမ်းကို မှာယူမှုများလွန်းလို့ သူဟာ အခုဆို Order လက်ခံမှုတွေကို ခဏရပ်တန့်ထားရပြီး သူဟာ တစ်နေ့ကို “Creamart” ၃ခွက်ပဲ ဖန်တီးနိုင်တယ်လို့ Post တစ်ခုမှာ ပြောထားပါတယ်။ ပြီးတော့ သူဟာ သူ့ရဲ့ “Creamart” လုပ်ပုံတွေကို “How to” Video တွေ လုပ်ပြီး မျှဝေဖို့ ဆန္ဒရှိတဲ့အတွက် အဲ့ဒါတွေနဲ့လည်း အလုပ်များနေခဲ့ပါတယ်။ သူ့ရဲ့ “How to” Video တွေမှာတော့ သူ့ရဲ့ Latte ပေါ်မှာ ဆွဲတဲ့ နည်းနည်းလွယ်တဲ့ လက်ရာလေးတွေကို ဘယ်လို ဆွဲရတယ်ဆိုတာ ပြသထားပါတယ်။

 

Kang Bin Lee

သူ့ရဲ့ လက်ရာတွေကို ကြည့်ချင်ရင်တော့ Instagram Account : Leekangbin91 ကို follow လုပ်ထားလို့ ရပါတယ် အခရာပရိသတ်ကြီးတို့။

 

ရိုးလူ (အခရာ)

www.akhayar.com