မတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုတွေကို လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp နဲ့ မာနေး Sadio Mane တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ မတ်အတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အဲဗာတန်နဲ့သာ ဂိုးမရှိသရေကျခဲ့ပြီး ဘန်လေ၊ ဖူလ်ဟမ်၊ စပါးအသင်းတို့ကို ဆက်တိုက်အနိုင်ယူခဲ့တာကြောင့် ယာဂန်ကလော့ပ်က တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ယာဂန်ကလော့ပ်ဟာ ဒီဆုကို တခြားပြိုင်ဘက်နည်းပြတွေဖြစ်တဲ့ ဂွါဒီယိုလာ Pep Guardiola ၊ ဟာဆန်ဟတ်တယ်လ် Ralph Hasenhuttl ၊ ဘရန်ဒန်ရော်ဂျာ Brendan Rodgers ၊ မာကိုဆေးလ်ဗား Marco Silva တို့ကို ကျော်ဖြတ်ဆွတ်ခူးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကလည်း တစ်လတာအကောင်းဆုံးနည်းပြဆု ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ယာဂန်ကလော့ပ်ဟာ ၂၀၁၆၊ စက်တင်ဘာလမှာ တစ်လတာအကောင်းဆုံးနည်းပြဆု ရရှိခဲ့တာကြောင့် အခုဆိုရင် (၃)ကြိမ်မြောက် ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

မတ်လရဲ့တစ်လတာ အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြဂိုးတွေ သွင်းယူနေတဲ့ တိုက်စစ်ကစားသမား မာနေးက ဆွတ်ခူးခဲ့ပါတယ်။ မာနေးဟာ ဘန်လေကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်း၊ ဖူလ်ဟမ်နဲ့ပွဲမှာ တစ်ဂိုးအပါအ၀င် စုစုပေါင်း(၄)ပွဲမှာ (၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သူပါ။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါကစားသမား မာနေးဟာ ၂၀၁၇၊ သြဂုတ်လတုန်းက ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပါသေးတယ်။ မတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံး သွင်းဂိုးအဖြစ် ပဲလေ့စ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဘရိုက်တန်ကစားသမား နော့ခရက် Anthony Knockaert သွင်းယူခဲ့တဲ့ဂိုးက ရွေးချယ်ခံခဲ့ရပါတယ်။

REF:Liverpool Fc,90 Min
Photo:Daily Mail,You Tube
Naing Linn(Akhayar)
www.akhayar.com