ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ခပ်သွက်သွက် လှုပ်ရှားနေတဲ့ အက်သလက်တီကိုအသင်းဟာ စပါးအသင်း ညာနောက်ခံလူ ထရစ်ပီယာ Kieran Trippier ကို ပေါင်သန်း(၂၀)နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး ထရစ်ပီယာဟာ (၉၅)နှစ်အတွင်း အက်သလက်တီကိုအသင်းမှာ ကစားမယ့် ပထမဆုံး အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ထရစ်ပီယာဟာ ဘန်လေကနေ စပါးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး စပါးအသင်းကစားသမားဘ၀ (၄)နှစ်တာကာလအတွင်း ပွဲပေါင်း(၁၀၀)ကျော် ကစားခဲ့သူဖြစ်ပါတယ်။ ထရစ်ပီယာဟာ ပြီးခဲ့တဲ့ရာသီတွေက အသင်းရဲ့အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် နည်းပြပိုချက်တီနို Mauricio Pochettino က အသင်းကို အပြောင်းအလဲတွေ လုပ်မယ်လို့ အတည်ပြုခဲ့ပြီးတဲ့နောက် ထရစ်ပီယာရဲ့ အနာဂတ်က သေချာမှုမရှိတော့တာကြောင့် အက်သလက်တီကိုအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အက်သလက်တီကိုအသင်းကလည်း ပြီးခဲ့တဲ့လက အသင်းနဲ့လမ်းခွဲခဲ့တဲ့ ၀ါရင့်နောက်ခံလူ ဟွမ်ဖရန် Juanfran ရဲ့နေရာမှာ အစားထိုးဖို့ ထရစ်ပီယာကို ခေါ်ယူခဲ့တာဖြစ်ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အက်သလက်တီကိုအသင်းဟာ အသင်းသမိုင်းတစ်လျှောက် အင်္ဂလိပ်ကစားသမားတွေကို ခေါ်ယူခဲ့တာက တော်တော်လေးရှားပါပြီး အခု ထရစ်ပီယာဟာ ၁၉၂၃-၂၄ ရာသီနောက်ပိုင်း ပထမဆုံးခေါ်ယူတဲ့ အင်္ဂလိပ်ကစားသမားဖြစ်ခဲ့ပါတယ်။ အက်သလက်တီကိုအသင်းမှာ ထရစ်ပီယာမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ အင်္ဂလိပ်ကစားသမားက အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒရင့်ဝါတာ Drinkwater ဖြစ်ပြီး သူနဲ့ပတ်သက်တဲ့ တိတိကျကျအချက်အလက်တွေ မရှိပေမယ့် ဒရင့်ဝါတာဟာ ၁၉၂၃-၂၄ ရာသီက အသင်းအတွက် (၃)ပွဲကစား (၁၀)ဂိုးသွင်းယူခဲ့တယ်လို့ သိရပါတယ်။ အက်သလက်တီကိုအသင်းဟာ ၁၉၀၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာကြောင့် ဖြစ်နိုင်ခြေရှိတာက ဒရင့်ဝါတာနဲ့ ထရစ်ပီယာတို့ဟာ အသင်းသမိုင်းတစ်လျှောက်မှာ ကစားခဲ့ဖူးတဲ့ ရှားရှားပါးပါး အင်္ဂလိပ်ကစားသမားနှစ်ဦးဖြစ်မယ်လို့ ယူဆရမှာပါ။

REF:football-espana,theguardian
Photo:Atlético de Madrid Twitter
Naing Linn(Akhayar)
www.akhayar.com