ဝက်ခြံပြဿနာက ခက်ခဲတဲ့သင်္ချာပုစ္ဆာဆယ်ပုဒ်ကို ဖြေရှင်းရတာထက်ကို ရှုပ်ထွေးပွေလီတယ်ဆိုတာကိုသိကြမှာပါ။ ဒါတွေကိုဖြေရှင်းဖို့ အကူတပ်သားလေးတွေ လာပါပြီ။ ဒါတွေက ကိုယ့်လက်တစ်ကမ်းမှာပဲရနိုင်တဲ့ အရာတွေဖြစ်ပြီး ငွေရေးကြေးရေးလည်း ခေါင်းစားစရာမလိုပါဘူးနော်။

ဝက်ခြံဆိုတာက ဟော်မုန်းအပြောင်းအလဲ၊ အဆီ၊ အညစ်အကြေး တွေနဲ့ ချွေးပေါက်ပိတ်တာ ၊ အိပ်ရေးပျက်တာ ၊ အနေအစားမမှန်တာ ၊ ဓမ္မတာလာနေချိန်ဖြစ်နေတာ စတဲ့ စတဲ့ အကြောင်းချင်းရာ အမျိုးမျိုးတွေကြောင့် ဝက်ခြံသေးသေးရော ကြီးကြီးရော ဖြစ်လာတတ်ပါတယ်။ တချို့တွေက ရက်ရှည်လများ ဝက်ခြံဆေးလေးတွေလိမ်းပြီးသက်သာ ပျောက်ကင်းတတ်ကြပေမယ့် တချို့တွေကျပြန်တော့ ဆရာဝန်နဲ့ကုသရတဲ့ အထိ အခြေအနေ ဆိုးကြပါတယ်။ အခုမျှဝေချင်တာကတော့ အခြေခံကျတဲ့ အကြောင်းအချက်လေးတွေကြောင့် မကြာခဏဖြစ်လာတတ်တဲ့ ဝက်ခြံလေးတွေကို တိုက်စစ်ဆင်နိုင်မယ့်အရာလေးတွေပါ။

စပျစ်သီး

ကိုယ်သုံးနေကျ Facial Foam ကဝက်ခြံပြဿနာကိုပိုဆိုးစေတယ်ဆိုရင် စပျစ်သီးကို သုံးကြည့်ပါ။ ရေခဲသေတ္တာထဲက စပျစ်သီးအေးအေးလေးကို ထုတ်ပြီးအလယ်ကခြမ်းကာ မျက်နှာပေါ်ပွတ်တိုက်ပြီး မျက်နှာသစ်ပေးပါ။ ဝက်ခြံတွေအတွက် အကောင်းဆုံး Cleanser ပါပဲ။

စပါယ်ရှယ် သခွားသီး

သခွားသီးက  ပါလေရာအသီးလို့ဆိုနိုင်ပါတယ်။ ဘာလို့လဲဆို အစားအသောက်မှာလည်းပါ အလှအပအတွက်လည်းပါ  ဟိုနေရာပါ ဒီနေရာပါနဲ့ပါ။ ဈေးအသက်သာဆုံး Skin Care လေးလည်းဖြစ်ပါတယ်။ ဝက်ခြံအတွက်လည်း သူ့ကိုကြိတ်ချေ အရည်တွေစစ်ထုတ် သကြားတစ်ဇွန်းရောပြီး ပေါင်းတင်ဖို့ပါပဲ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာပြန်သစ်ပေးလိုက်ပါ။

You May Like : ဓာတ်ပုံထဲက အလှဆုံးသူ

ပျားရည်

ပျားရည်စစ်စစ်လေးသာရမယ်ဆို စားမပစ်နဲ့။ အလှအပအတွက် သိမ်းထားပါ။ သူကလည်း Super Skincare ပဲလေ။ ပျားရည်လေးကိုမျက်နှာပေါ်လိမ်း၊ ၁၅ မိနစ်ထားပြီး ရေနွေးလေးနဲ့ မျက်နှာသစ်ပေး။ ပုံမှန်လုပ်သွားပေးရင် ချစ်လေးတို့ရဲ့ နဂိုအသားအရေချောချောလေး ပြန်ရမှာပါ။ မျက်နှာကို လျှာနဲ့တော့လျှက်စားမနေနဲ့ဦးနော်။

ကြက်ဥ – သံပရာ

ကြက်ဥနဲ့ သံပရာသီးကလည်း အိမ်မှာအလွယ်တကူရနိုင်တဲ့အရာပဲလေ။ ဝက်ခြံတွေထွက်တာနဲ့ လက်နဲ့ဆိတ်တာဖဲ့တာတွေ မလုပ်ဘဲ မီးဖိုခန်းထဲသာသွားပါ။ ကြက်ဥအကာကိုယူ ကြေအောင်ခေါက် သံပရာရည်လေးရော ထပ်မွှေ၊ ပြီးရင်မျက်နှာပေါ် လိမ်းထားပေးရုံပါပဲ။ ဂျူးကတော့ တစ်ဖက်က ယိုးဒယားကြာဆံထုပ်ပြုတ်ထားလိုက်သေး။ ဘာလို့လဲဆို ပိုတဲ့ကြက်ဥထည့် သံပရာသီးညှစ်ပြီး သောက်တယ်လေ 😛 လုံးဝ လုံးဝ အလေလွင့် အဖြစ်မခံဘူးနော် ဟီး။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက သဘာဝပိုးသတ်ဆေးပါ။ သူကကျန်းမာရေးအတွက်ရော အရေပြားအတွက်ပါ အများကြီး ကောင်းကျိုးရှိပါတယ်။ တကယ်လို့များ ဝက်ခြံနဲ့ပတ်သက်လို့ ဘာလုပ်ရမှန်းမသိဖြစ်နေရင် ကြက်သွန်ဖြူကို ကြိတ်ချေ ရေနဲ့ရောပြီး အဲဒီရေလေးကိုလိမ်းကြည့်ပါ။ ရှားစောင်းလက်ပပ်အနှစ်နဲ့ ရောလိမ်းလို့လည်းရပါတယ်။ လက်နဲ့တို့ပြီးမလိမ်းနဲ့နော်။ Toner လိမ်းတဲ့ ဂွမ်းစလေးနဲ့ တို့လိမ်းရမှာပါ။  မနက်တစ်ခေါက် ညတစ်ခေါက် လိမ်းပေးရင် အတော်လေးသက်သာလာတာကို တွေ့ရမှာ။

ဂျူဂျူး (အခရာ)

www.akhayar.com