ဒီနေ့ခေတ်ဘောလုံးလောကမှာ ရေစီးကြောင်းတွေ ပြောင်းလဲလာခဲ့ပြီ။ အောင်မြင်မှုနဲ့ ငွေကြေးက တိုက်ရိုက်အချိုးကျနေပြီး ငွေမသုံးရင် ဖလားရဖို့ မစဉ်းစားနဲ့တော့။ ဒါပေမဲ့ မော်ဒန်ဘောလုံးလောကမှာ ငွေမသုံးဘဲ ကမ္ဘာ့အဆင့်ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်နေတဲ့ အသင်းရှိနေသေးတယ်။

အဲဒါကတော့ မော်ဒန်ဘောလုံးလောကရဲ့ Transfer King လို့ သတ်မှတ်ရမယ့် ဂျူဗင်တပ်စ်ပါပဲ။ ဂျူဗင်တပ်စ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်း ကွင်းလယ်လူ ရမ်ဆေး Aaron Ramsey ကို ခေါ်ယူခဲ့ပြီး အသက်အရွယ်အရရော၊ ခြေစွမ်းအရပါ အကောင်းဆုံးအနေအထားဖြစ်နေတဲ့ ရမ်ဆေးအတွက် ငွေတစ်ပြားမှ မသုံးလိုက်ရပါဘူး။ အခုလတ်တလောမှာပဲ PSG အသင်းနဲ့ စာချုပ်သက်တမ်းကုန်သွားပြီဖြစ်တဲ့ ကွင်းလယ်လူ ရာဘီယူ Adrien Rabiot ကိုလည်း လက်သွက်ခြေသွက်နဲ့ ခေါ်ယူလိုက်ပြန်ပါပြီ။ အသက်(၂၄)နှစ်အရွယ်သာရှိသေးတဲ့ ပြင်သစ်ကွင်းလယ်လူ ရာဘီယူဟာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်ရှိပေမယ့် ခြေစွမ်းပိုင်းမှာတော့ ထိပ်တန်းအဆင့်ရှိသူဖြစ်တာကြောင့် နည်းပြဆာရီ Sarri သာ Control လုပ်နိုင်မယ်ဆိုရင် ဒီထက်ပိုကောင်းလာမယ့်သူပါ။

ရမ်ဆေး၊ ရာဘီယူတို့လို ကမ္ဘာ့အဆင့်စာရင်းဝင် ကစားသမားတွေကို ငွေတစ်ပြားမှ မသုံးဘဲ ဂျူဗင်တပ်စ် ခေါ်ယူခဲ့တာက ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပေါ့ဘာ Paul Pogba ၊ ပီယာလို Andrea Pirlo ၊ အဲလ်ဗတ်စ် Dani Alves ၊ ကင်နာဗာရို Fabio Cannavaro စတဲ့ ကစားသမားတွေကိုလည်း အလကားရခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာတုန်းကဆိုရင် အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးခဲ့သလို မန်ယူအသင်းကို ပြန်ရောင်းခဲ့တော့လည်း ငွေအမြတ်အစွန်း အများကြီးရခဲ့တယ်။ ဒီရာသီအစမှာလည်း အမ်မရီချန် Emre Can လို ကစားသမားကိုလည်း အလွတ်နဲ့ ခေါ်လိုက်ပြန်တယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ကို ယူရိုသန်း(၁၀၀)နဲ့ ခေါ်ယူခဲ့တယ်ဆိုပေမယ့် ပြောင်းရွှေ့ကြေးကို (၂)ရစ်ခွဲပေးရမှာဖြစ်ပြီး စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ကနေ ပြန်ရမယ့် အမြတ်ငွေကလည်း ရှိနေလို့ “ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်”သလိုပါပဲ။ ဒီနေ့ခေတ်မှာ ဥရောပထိပ်သီးအသင်းတွေက ငွေတွေအပြိုင်သုံးနေချိန်မှာ ဂျူဗင်တပ်စ်အသင်းကတော့ မိန့်မိန့်ကြီး ပြုံးပြီး ကမ္ဘာ့အဆင့် ကစားသမားတွေကို တစ်ယောက်ပြီး တစ်ယောက် ဆွဲစားနေပါပြီ။ ဒါကြောင့် ဂျူဗင်တပ်စ်အသင်းကို မော်ဒန်ဘောလုံးလောကရဲ့ Transfer King လို့ပဲ သတ်မှတ်လိုက်ပါရစေ . . .

REF:Daily Mail
Photo:Juventus Facebook,Aaron Ramsey Faecbook
Naing Linn(Akhayar)
www.akhayar.com