လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp နဲ့ နောဝစ်ခ်ျတိုက်စစ်မှူး ပူကီ Teemu Pukki တို့ဟာ သြဂုတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ သြဂုတ်လအတွင်း ကစားခဲ့တဲ့ နောဝစ်ခ်ျ၊ ဆောက်သမ်တန်၊ အာဆင်နယ်၊ ဘန်လေတို့နဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ ပွဲတိုင်းအနိုင်ရခဲ့ပြီး (၁၂)ဂိုးသွင်း၊ (၃)ဂိုးသာ ပေးခဲ့ရသလို ပရီးမီးယားလိဂ်နောက်ဆုံး (၁၃)ပွဲဆက် အနိုင်ဆိုတဲ့ ကလပ်စံချိန်မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ယာဂန်ကလော့ပ်ဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး နည်းပြဆုအတွက် ဂွါဒီယိုလာ Pep Guardiola ၊ ဟော့ဒ်ဆန် Roy Hodgson ၊ ဘရန်ဒန်ရော်ဂျာ Brendan Rodgers တို့နဲ့အပြိုင်ဖြစ်ခဲ့ပြီး သူတို့ကို ကျော်ဖြတ်ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အခုဆိုရင် ပရီးမီးယားလိဂ်(၄)ပွဲကစားပြီးချိန်မှာ (၁၂)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါပြီ။ ယာဂန်ကလော့ပ်အနေနဲ့ ဒီဆုကို (၄)ကြိမ်မြောက်ရရှိခဲ့တာပါ။

ဒီရာသီမှာ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်တန်းတက်လာတဲ့ နောဝစ်ခ်ျအသင်းအတွက် ခြေစွမ်းပြဂိုးတွေ သွင်းယူနေတဲ့ တိုက်စစ်မှူး ပူကီကတော့ သြဂုတ်လရဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဖင်လန်လက်ရွေးစင်တိုက်စစ်မှူး ပူကီဟာ နောက်ဆုံးကစားခဲ့တဲ့ ၀က်စ်ဟမ်းနဲ့ပွဲကလွဲလို့ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ရာသီအဖွင့်ပွဲမှာ (၁)ဂိုး၊ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်၊ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ (၁)ဂိုး သွင်းယူခဲ့ပြီး အခုဆိုရင် သူ့သွင်းဂိုးက (၅)ဂိုးအထိ ရှိနေပါပြီ။ ပူကီဟာ ဒီဆုကို နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ အဂွဲရိုး Sergio Aguero ၊ ဖေမီနို Roberto Firmino ၊ ဒီဘရိုင်းနား Kevin de Bruyne ၊ စတာလင် Raheem Sterling တို့ကို ကျော်ဖြတ်ရယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုရခဲ့တဲ့ ပထမဆုံး နောဝစ်ခ်ျကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ ဒ့ါအပြင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ ဟစ်ပီယာ Sami Hyypia (လီဗာပူးလ်-နိုဝင်ဘာ-၁၉၉၉)၊ ဖော်ဆဲလ် Mikael Forssell (ဘာမင်ဂမ်-မတ်-၂၀၀၄)တို့နောက်ပိုင်း ဒီဆုကို ဆွတ်ခူးခဲ့တဲ့ တတိယမြောက် ဖင်လန်ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်မှာ (၂၈)ဂိုးသွင်းပြီး သွင်းဂိုးအများဆုံးဖြစ်ခဲ့သူ ပူကီဟာ ဒီရာသီမှာလည်း သူ့ရဲ့ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်ဆဲပဲလို့ ပြောရမှာပါ။ သြဂုတ်လအတွက် အကောင်းဆုံး သွင်းဂိုးဆုကို ရှက်ဖီးယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲမှာ Half Volley ကန်ချက်နဲ့ လှလှပပကန်သွင်းခဲ့တဲ့ လက်စတာတောင်ပံကစားသမား ဟာဗေးဘန်းစ် Harvey Barnes က ဆွတ်ခူးခဲ့ပါတယ်။

REF:Daily Mail,Premier League,canaries
Photo:EA SPORTS FIFA Twitter,Liverpool FC Facebook
‏Naing Linn(Akhayar)
www.akhayar.com