Game of Thrones မင်းသမီး Emilia Clarke ရဲ့ Brain Aneurysms ရောဂါနဲ့ပတ်သက်ပြီး ရင်ဖွင့်ပြောကြားခဲ့တဲ့ အကြောင်းကို အရင်လကလည်း Akhayar မှာဖော်ပြပေးခဲ့ပါတယ်။ ဝေဒနာခံစားနေရတာကို ပရိသတ်တွေကို မပြောဘဲ အားလုံးစိတ်မပူအောင် တစ်ယောက်တည်း ရုန်းကန်ခဲ့တဲ့ မင်းသမီးရဲ့တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ Jason Momoa က မင်းသမီး Emilia Clarke ရဲ့ ရောဂါနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ Jason Momoa က Game of Thrones မှာ မင်းသမီး Emilia ရဲ့ ယောက်ျား Khal Drogo အဖြစ်သရုပ်ဆောင်ခဲ့တာပါ။

Emilia Clarke ရဲ့ Brain Aneurysms က အရမ်းဆိုးဝါးတယ်ဆိုတာကို သူကိုယ်တိုင်ဖွင့်ပြောပြလို့သိသင့်သလောက်တော့ သိလိုက်ရပါတယ်။ မင်းသမီးက သူသေတော့မလားတောင် တွေးခဲ့တာတွေ ၊ သူ့မှတ်ဥာဏ်တွေ ပျောက်ဆုံးတော့မလိုဖြစ်လို့ စိတ်ဓာတ်ကျခဲ့ရတာတွေကို ရေးခဲ့တာတွေက သူဘယ်လောက်တောင် အားတင်းပြီး အသက်ရှင်ခဲ့ရတယ်ဆိုတာကို မြင်လာစေခဲ့တယ်။ အဲဒီတည်းကိုက ဝမ်းနည်းနေပါပြီဆိုမှ အခုလည်း Jason Momoa က ဘာပြောလာလဲဆိုတော့

“ကျွန်တော်အရမ်းဝမ်းနည်းတယ် ဘာလို့လဲဆိုတော့ ပထမတစ်ကြိမ်မှာ ကျွန်တော်တို့ သူ့ကိုဆုံးရှုံးတော့မလိုတောင်ဖြစ်သွားခဲ့လို့။ ကျွန်တော်သူ့ကို ရင်နင့်အောင်ကိုချစ်တာပါ။ ပြီးတော့ သူအခုဒီမှာရှိနေပြီ ၊ ပြီးတော့သူခံစားခဲ့တဲ့ရောဂါကနေရခဲ့တာတွေကိုသုံးပြီး ကြီးမြတ်တဲ့အရာတွေကိုလုပ်ဦးမှာ ၊ ကမ္ဘာကြီးကိုလည်းသင်ကြားပေးဦးမှာပါ။”

ပြီးတော့ Jason Momoa က ဘာထပ်ပြောလဲဆိုရင် “အဲဒီအခြေအနေထဲမှာ ကျွန်တော်အချိန်တော်တော်ကြာကြာ ပါဝင်ခဲ့ပြီး ကျွန်တော်တို့မှာ ကြောက်ရွံ့မှုတွေ အများကြီးရှိခဲ့တယ် ၊ ပြီးတော့ မှန်ကန်တဲ့နည်းလမ်းနဲ့ထွက်လာပြီး ကူညီဖို့ကြိုးစားနေပါတယ်။ ကျွန်တော်ကတော့ ဒီအဖြစ်အပျက်ကို လှပတယ်လို့ထင်တယ်ဗျာ။ သူကကမ္ဘာကြီးကိုကယ်တင်ပြီး သတိပေးနှိုးကြားမှုတွေ လုပ်ဖို့ကြိုးစားတဲ့နေရာမှာ အရမ်းကိုရဲရင့်တဲ့သူပါ” တဲ့။

ဘယ်သူမဆို ဒီလိုအသက်အန္တရာယ်နဲ့ ကြုံရတဲ့အခြေအနေမှာရောက်နေတဲ့ သူငယ်ချင်းရှိနေမယ်ဆိုရင် ဝေဒနာခံစားနေရသူနဲ့ ထပ်တူထပ်မျှခံစားရမှာပါပဲ။ ဒီတော့ Jason Momoa က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Emilia နဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်တွေကို ရင်ဖွင့်လာတာက အဆန်းတော့မဟုတ်ပါဘူး။ ဘယ်လိုနေနေ Emilia မှာ သူ့ကိုချစ်တဲ့ ၊ သူ့ကိုတန်ဖိုးထားတဲ့ ပတ်ဝန်ကျင်အသိုင်းအဝိုင်းရှိနေတာကလည်း သူဒီအထိဆက်လျှောက်လာနိုင်တဲ့ အကြောင်းပြချက်တစ်ခုဖြစ်မှာပါ။

Piki (Akhayar)

www.akhayar.com

Ref: www.buzzfeed.com