၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် မြန်မာနဲ့ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာမှာတော့ မျှော်လင့်ထားတဲ့အတိုင်း ဂျပန်အသင်းက (၂)ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ပွဲမစခင်က မိုးတွေရွာနေတာကြောင့် မြန်မာတို့ရဲ့ ထုံးစံအတိုင်း မိုးထဲရေထဲမှာ ဂျပန်အသင်း ဒုက္ခရောက်မယ်လို့ ပရိသတ်တွေ မျှော်လင့်ခဲ့ပေမယ့် မြန်မာအသင်း (၂)ပွဲဆက်အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒီပွဲမှာ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ကျော်ကိုကို မကစားနိုင်ခဲ့လို့ တိုက်စစ်မှာ အောင်သူ၊ သန်းပိုင်တို့က ဦးဆောင်ခဲ့ပေမယ့် ပထမပိုင်းတစ်ပိုင်းလုံး ခံစစ်ကို ဦးစားပေးခဲ့တာကြောင့် သူတို့နှစ်ယောက်လုံး ဘာမှကို မလုပ်နိုင်ခဲ့ဘူး။ ဂျပန်အသင်းက သာမန်လောက်ပဲ အားထုတ်ကစားခဲ့တာတောင် အခွင့်အရေးကောင်းတွေ ရခဲ့ပြီး ဂိုးသမားကျော်ဇင်ဖြိုးကောင်းလို့ ဒီထက် ဂိုးမပြတ်ခဲ့တာပါ။

ဂျပန်အသင်းအတွက် ပထမဂိုးကို (၁၆)မိနစ်မှာ Nakajima က အဝေးကန်ချက်နဲ့ သွင်းယူခဲ့ပြီး ဒုတိယဂိုးကတော့ မန်ယူအသင်း ခံစစ်ကစားသမား Marking ညံ့ဖျင်းခဲ့တာကနေ Minamino က ခေါင်းတိုက်သွင်းခဲ့တာပါ။ ပထမပိုင်းတစ်ပိုင်းလုံး မြန်မာအသင်း ဂိုးပေါက်ကန်သွင်းမှု မရခဲ့ဘဲ ဂျပန်အသင်းရဲ့ တိုက်စစ်ကို ခံကစားရင်းနဲ့သာ အချိန်ကုန်ခဲ့ရတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာတို့ ဖွင့်ကစားခဲ့တာကြောင့် အပြန်အလှန်ကစားပုံတွေကို မြင်တွေ့ခဲ့ရပြီး မြန်မာအသင်း Pressing လုပ်တဲ့အခါ ဂျပန်ခံစစ်က ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတယ်။ ဂိုးဧရိယာထိပ်ကနေ အောင်သူရဲ့ ကန်ချက်ကောင်းမွန်ခဲ့ပေမယ့် ဂျပန်ဂိုးသမား ကာကွယ်ခဲ့တာကြောင့် နစ်နစ်ခဲ့ရပါတယ်။ ဖြစ်သင့်တာက ရှုံးဖို့ ရာခိုင်နှုန်းများနေတဲ့ ဒီလိုပွဲမျိုးမှာ ခံစစ်ကို ပိတ်မကစားဘဲ ဂျပန်အသင်းဘက်ကို ရဲရဲဝံ့ဝံ့ တုံ့ပြန်ကစားသင့်ပြီး ပထမပိုင်းကတည်းက အဲဒီလိုပုံစံနဲ့ ကစားရင် ဂျပန်အသင်းကို ဒီထက်ပို ဒုက္ခပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အခုဆိုရင် မြန်မာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ (၂)ပွဲဆက် ရှုံးခဲ့တာကြောင့် အကောင်းဆုံးတတိယနေရာရဖို့က မဖြစ်နိုင်လောက်ဖြစ်သွားပါပြီ။

Photo:AFC
Naing Linn(Akhayar)
www.akhayar.com