ကျွန်မတို့တွေကို ငယ်ငယ်ထဲက လူကြီးတွေက သွန်သင်ဆုံးမခဲ့ကြတယ်။ ကလေးတွေကို ကော်ဖီတွေအရမ်း မသောက်ခိုင်းနဲ့ နှလုံးရောဂါဖြစ်မယ်။ အသက်လေးကြီးလာလို့ အပျို ၊ လူပျိုဖြစ်လာပြီး ကော်ဖီကိုပိုပြီး နှစ်သက်ခုံမင်လာတဲ့အရွယ်ရောက်ပြန်တော့လည်း တစ်နေ့ကော်ဖီကို နှစ်ခွက်ပဲသောက်ရမယ်။ နှစ်ခွက်က များတောင်များနေသေးတယ်ဆိုပြီး မိဘတွေကပိတ်ပင်ကြတယ်။ ဒါပေမယ့် အမှန်တကယ်မှာ ကော်ဖီကို သူ့ပမာဏနဲ့သူသောက်ရင် နှလုံးရောဂါဖြစ်နိုင်ခြေကိုတောင် လှျေ့ချပေးနိုင်ပါတယ်။

ဟုတ်ပါတယ် Molecular Biologists တွေဖြစ်ကျတဲ့ Judith Haendeler နဲ့ Joachim Altschmied တို့ဦးဆောင်တဲ့ ဂျာမန်သုတေသနအဖွဲ့ဟာ ကော်ဖီရဲ့နှလုံးကျန်းမာရေးအပေါ်သက်ရောက်မှုနဲ့ ကော်ဖီကနေ နှလုံးကိုပေးနိုင်တဲ့ ကောင်းကျိုးတွေအပြင် နှလုံးကျန်းမာရေးအတွက် တစ်နေ့မှာ ကော်ဖီဘယ်နှခွက်သောက်နိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

သူတို့ကကော်ဖီဓာတ်ထည့်ထားတဲ့ ဓာတ်ခွဲခန်းကြွက်တွေနဲ့ လူသားတစ်သျှူးတွေကို လေ့လာခဲ့တာဖြစ်တယ်။ ကော်ဖီတစ်ခွက် သောက်တာဟာ ကျွန်မတို့သွေးကြောတွေထဲက ဆဲလ်တွေရဲ့အလုပ်လုပ်ပုံကို တိုးတက်စေနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြတယ်။ ဒီလေ့လာချက်ကို PLOS Biology ဂျာနယ်မှာထည့်သွင်းဖော်ပြခဲ့ပါတယ်။

Altschmied က Business Insider ကိုဘာပြောခဲ့လဲဆိုတော့ “တစ်ရက်ကို Espresso လေးခွက်လောက်သောက်တာက တို့တွေမှာရှိတဲ့ဆဲလ်တွေရဲ့စွမ်းအင်ထုတ်ပေးတဲ့လုပ်ဆောင်ချက်ကို ပိုတိုးတက်စေတယ် ၊ ဒါကြောင့်အကာအကွယ်ရှိသလိုဖြစ်နေပါတယ်။” ဒါ့အပြင်သိပ္ပံပညာရှင်တွေလည်း ကော်ဖီသောက်တဲ့သူတွေက တခြားသူတွေထက် ရောဂါကြောင့်သေဆုံးမှုတွေနည်းတာကို သတိပြုမိနေကြတာပါ။ အဲဒီရောဂါတွေမှာ နှလုံးရောဂါ ၊ အမောဖောက်တာ ၊ ဆီးချိုတို့ပါပါဝင်ပါတယ်။ ဒါကိုသက်သေပြနိုင်တဲ့ လေ့လာချက်ကြီးနှစ်ခုကတော့ အမေရိကန်မှာ လူပေါင်း ၄ဝဝ,ဝဝဝ ကျော်ရယ် ဥရောပမှာ လူပေါင်း ၅ဝဝ,ဝဝဝ ကျော်ရယ်နဲ့လေ့လာခဲ့တာပါပဲ။ ဒီလေ့လာချက်နှစ်ခုအရ ကော်ဖီသောက်တဲ့သူတွေက ကော်ဖီမသောက်တဲ့သူတွေလို ရောဂါကြောင့်သေဆုံးနိုင်ခြေအရမ်းနည်းတာကို တွေ့ခဲ့ရပါတယ်။

ကော်ဖီကကျန်းမာရေးကို အထောက်အကူအများကြီးပြုပါတယ်။ အသည်းရောဂါဖြစ်နိုင်ခြေနည်းစေတာ ၊ ကင်ဆာဖြစ်နိုင်ခြေနည်းစေတာတွေအပြင် ကော်ဖီကနှလုံးအတွက်လည်း အထောင်အကူပြုပါတယ်။ ကော်ဖီကိုတစ်နေ့သုံးလေးခွက်လောက်သောက်တာက cardiovascular disease နဲ့ သေဆုံးနိုင်ခြေက ၁၉ % ထက်တောင် နည်းပါတယ်တဲ့။ Altschmied က သူ့လေ့လာချက်က လူတွေအစွဲထင်နေတဲ့ အယူအဆဟောင်းကြီးကို ချိုးဖျက်နိုင်ဖို့မျှော်လင့်ပါတယ်တဲ့။ ကော်ဖီသုံးလေးခွက်သောက်တာက နှလုံးဖောက်တာတွေကိုတောင် လှျေ့ချပေးနိုင်တဲ့အတွက် နေ့စဉ်စားသောက်နေတဲ့အရာတွေထဲမှာ ထည့်သွင်းစားသောက်ပါတဲ့။

ဒီတော့ကော်ဖီသောက်တာက နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတာ ၁ဝဝ % တော့မှန်ချင်မှမှန်မယ်။ ဘယ်လိုနေနေ အလွန်အကျွံသောက်ရင်တော့ နှလုံးခုန်နှုန်းတွေ မြန်စေတာဆိုတော့ ချင့်ချိန်ပြီးသောက်သင့်ပါတယ်။ ကော်ဖီကြိုက်တဲ့သူတွေအနေနဲ့တော့ တစ်နေ့ကိုလေးခွက် လွတ်လွတ်ကျွတ်ကျွတ် အပူအပင်ကင်းကင်း သောက်လို့ရပါကြောင်း သတင်းကောင်းပါးရင်း နိဂုံးချုပ်လိုက်ပါတယ်။

Piki (Akhayar)

www.akhayar.com

Ref: www.inc.com

www.businessinsider.com