ကမ္ဘာကြီးကို ထိန်းချုပ်ထားတဲ့ အမေရိကန်ရဲ့စစ်အင်အား

သမ္မတထရမ့်က အမေရိကန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၅၄ ဘီလီယံအထိ တိုးမြှင့် သုံးစွဲဖို့ ပြင်ဆင်နေပါတယ်။ အကယ်၍သာ သုံးဖြစ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ အမေရိကန်ရဲ့သမိုင်းဟာ ကာကွယ်အသုံးစရိတ်အများဆုံးအဖြစ် စံချိန်တင်သွားပါမယ်။

အမေရိကန်ရဲ့ အစဉ်အဆက် အစိုးရအဖွဲ့တွေက စစ်အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲနေကြပေမယ့် သူတို့တွေအကုန်လုံး ဦးတည်ချက်တစ်ခုသတ်သတ်မှတ်မှတ်နဲ့ သုံးခဲ့ကြတာပါ။ Jimmy Carter ဆိုရင် ပါရှန်ပင်လယ်ကွေ့စစ်ပွဲအတွက် သုံးစွဲခဲ့တာဖြစ်သလို Ronald Reagan ကလည်း ဆိုဗီယက်နဲ့အပြိုင်အဆိုင် လက်နက်တပ်ဆင်ဖို့အတွက် သုံးစွဲခဲ့တာဖြစ်ပါတယ်။ Geroge W. Bush လက်ထက်စစ်အသုံးစရိတ်အများစုကလည်း အာဖန်ဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲတွေအတွက် ကုန်ကျခဲ့တာပါ။ သမ္မတထရမ့်ကတော့ ဘယ်နေရာအတွက်ရယ်လို့ မရှိသေးတဲ့အတွက် နိုင်ငံရေးကျွမ်းကျင်သူတွေတောင် မျက်စိလည်နေပါပြီ။ နိုင်ငံတော်လုံခြုံရေးအကြံပေး Erin M. Simpson ကတော့ ဗျူဟာမြောက်ဘတ်ဂျက်သုံးငွေလို့ အမည်ပေးထားပါတယ်။

အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒအရ သူတို့ရဲ့စစ်အသုံးစရိတ်တွေက အခြားနိုင်ငံတွေထက်ယှဉ်ရင် သိသိသာသာများပြားပါတယ်။ နိုင်ငံကိုကာကွယ်ဖို့တင်မကဘဲ နိုင်ငံတကာစစ်ရေးကိစ္စတွေမှာ ပါဝင်နိုင်ဖို့နဲ့ သူတို့ရဲ့မဟာမိတ်နိုင်ငံတွေကို စစ်ရေးအရထောက်ကန်ပေးထားရလို့ အခုလိုအသုံးစရိတ်များပြားနေရတာပါ။ ဝါရှင်တန်က ဗျူဟာမြောက်ကမ္ဘာ့အရေးလေ့လာသုံးသပ်မှုအဖွဲ့က ကာကွယ်ရေးဘတ်ဂျက်ဆန်းစစ်မှု ဒါရိုက်တာ Todd Harrison က ကျွန်တော်တို့ရဲ့ လက်ရှိရည်မှန်းချက်က ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှ – ပစိဖိတ်ဒေသမှာရှိတဲ့ အမေရိကန်ရဲ့ စူပါပါဝါကို ထိန်းထားနိုင်ဖို့ပါ။ အဲ့ဒီဒေသတွေမှာ ပဋိပက္ခတစ်ခုခုဖြစ်တာနဲ့ အလျင်အမြန်ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အမေရိကန်ရဲ့စစ်အင်အားက ခိုင်မာတောင့်တင်းနေရပါမယ်။

ထရမ့်ရဲ့ပြောဆိုမှုတွေထဲက အချို့ကိုကောက်နုတ်ရမယ်ဆိုရင်

ကမ္ဘာ့စစ်ရေးစစ်ရာကို ချိန်ညှိပေးနေရတဲ့ အမေရိကန်ရဲ့အခန်းကဏ္ဍကို သူမနှစ်မြို့ဘူးဆိုရင် ပေါ်ပေါ်ထင်ထင်ဝေဖန်ထားပါတယ်။ ပြီးခဲ့တဲ့လတုန်းက ကွန်ဂရက်မှာပြောခဲ့တဲ့သူရဲ့ မိန့်ခွန်းမှာဆိုရင် ပင်လယ်ရပ်ခြားက နိုင်ငံတွေရဲ့ နယ်နမိတ်ကို ကာကွယ်ပေးနေရမယ့်အစား ကိုယ့်နိုင်ငံကိုကာကွယ်ဖို့အတွက် နိုင်ငံခြားရေးမူဝါဒကိုပြင်ဆင်ထားသင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ အမေရိကန်ရဲ့ အဓိကစစ်အင်အားပြိုင်ဖက်ဖြစ်တဲ့ ရုရှားနဲ့ပြေလည်နိုင်ဖို့လည်း ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ထရမ့်အနေနဲ့ စစ်ရေးတင်းမာအောင် အီရန်နဲ့တရုတ်တို့ကို တိုက်ရိုက်စိန်ခေါ်မှုတွေရှိနေသလို အမေရိကန်ရဲ့နယူကလီးယားလက်နက်စွမ်းအားကို တောင့်တင်းအောင် တိုးချဲ့မယ်လို့Twitter ကနေ ပြောကြားထားပါတယ်။ အခုဆိုရင် အမေရိကန်ရဲ့အဓိက စစ်အင်အားလေးရပ်ဖြစ်တဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ် နဲ့ နယူးကလိယတိုးချဲ့ဖို့ပြင်ဆင်နေပါပြီ။

 (၁) ကြည်းတပ်

လက်ရှိအချိန်မှာ အမေရိကန်ရဲ့ စစ်အင်အားက တပ်သား ၁.၃ သန်းရှိပြီးတော့ အရန်အင်အား ၈၆၅၀၀၀ ရှိပါတယ်။ ကမ္ဘာ့ရဲ့ မည်သည့်အရပ်ဒေသကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိတဲ့စစ်အင်အားပါ။ အမေရိကန်ရဲ့ နောက်ထပ်အားသာချက်တစ်ခုက နိုင်ငံပေါင်း ၁၇၀ ကိုထိန်းချုပ်ထားနိုင်တဲ့ စစ်သား အယောက် ၂၀၀၀၀၀ လောက်ပင်လယ်ရပ်ခြားမှာ အရန်သင့်ရှိနေတာဖြစ်ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံတကာအခြေစိုက်စစ်အင်အား ကိုပုံမှာဖော်ပြထားပါတယ်။ ထရမ့်က အမေရိကန်ရဲ့ ကြည်းတပ်နဲ့ ရေတပ် နှစ်ခုပေါင်းတပ်သားအရေအတွက်ကို အယောက် ၇၀၀၀၀ လောက်ထပ်တိုးချင်နေပါတယ်။

၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင် အာဖန်ဂန်နဲ့ အီရတ်တိုက်ပွဲတွေအတွင်းမှာလည်း အမေရိကန်က စစ်သားအရေအတွက်ကို တိုးမြှင့်ခဲ့ဖူးတဲ့သာဓကတွေ ရှိခဲ့ဖူးပါတယ်။ အိမ်ဖြူတော်ကို အမျိုးသားလုံခြံရေး ဘတ်ဂျက်ခွဲဝေပေးမှုဌာန အကြီးတန်းအရာရှိ ဂေါ်ဒွန်အက်ဒမ် (Gordon Adams) ကတော့ “စစ်ပွဲတွေအတွက်မဟုတ်ရင် ကျွန်တော်တို့ဘာလို့ စစ်အင်အားအများကြီးလိုမှာလဲဗျာ” လို့ပြောကြားထားတာလည်း ရှိပါတယ်။

(၂) လေတပ်

အမေရိကန်ရဲ့ လေတပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တိုက်လေယာဉ် ၁၄၀၀ အပါအဝင် အစီးရေ ၂၂၀၀ ကျော်ရှိပါတယ်။ ထရမ့်ကတော့ နောက်ထပ်အစီးရေ ၁၀၀ လောက်တိုးချဲ့ချင်နေတာပါ။  တကယ်တော့ တိုက်လေယာဉ်တွေကို အရေအတွက်ထက်စာရင် သူတို့စွမ်းဆောင်နိုင်မှုနဲ့ ဘယ်လောက်ခေတ် မီသလဲဆိုတာကို နှိုင်းယှဉ်တာများပါတယ်။ အမေရိကန်ရဲ့လက်ရှိတိုက်လေယာဉ်မျိုးဆက်က ခေတ်အမီဆုံးဖြစ်သလို ပြိုင်ဖက်နိုင်ငံအားလုံးထက်လည်းသာလွန်ကောင်းမွန်ပါတယ်။ ထရမ့်က တိုက်လေယာဉ်အရေအတွက်ကို တိုးချင်နေတယ်ဆိုပေမယ့် ဒါက ကုန်ကျစရိတ်အများကြီးမြင့်တက်နိုင်တယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။

(၃) ရေတပ်အင်အား

လက်ရှိအမေရိကန်ရဲ့ ရေတပ်မှာ တိုက်ရေယာဉ်နဲ့ ရေငုပ်သဘောင်္ စုစုပေါင်း ၂၇၅ စီးလောက် ရှိနေပါတယ်။ ထရမ့်က လေယာဉ်တင်သဘောင်္အသစ် ၂ စင်း အပါအဝင် အစီးရေ ၃၅၀ လောက်အထိ တိုးချဲ့ချင်နေပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လေယာဉ်တင်သဘောင်္စုစုပေါင်းရဲ့ ထက်ဝက်လောက်က အမေရိကန်ပိုင်ဆိုင်တာဖြစ်ပြီးတော့ အချိန်မရွေးလှုပ်ရှားတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

ဒီလောက်အင်အားနဲ့ မကျေနပ်နိုင်တဲ့ ထရမ့်က “အမေရိကန်ရဲ့လက်ရှိရေတပ်အင်အားက ပထမကမ္ဘာစစ်တုန်း က အမေရိကန်ရဲ့အင်အားနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေပါသေးတယ်။” လို့ မတ်လ အစောပိုင်းတုန်းက ပြောကြားခဲ့ပါသေးတယ်။

သူမျှော်မှန်းတဲ့ရေအင်အားကို မြင်တွေ့နိုင်ဖို့တော့ အချိန်အများကြီးစောင့်ရနိုင်ပါတယ်။ လေယာဉ် တင်သဘောင်္တွေ၊ တိုက်ရေယာဉ်တွေတည်ဆောင်ဖို့ဆိုတာ အချိန်အများကြီးပေးရသလို ဒေါ်လာဘီလီယံများစွာ ကုန်ကျမယ့်ပရောဂျက်တွေလည်း ဖြစ်ပါတယ်။

(၄) နယူးကလိယားလက်နက်အင်အား

လက်ရှိကမ္ဘာပေါ်မှာ အမေရိကန်နဲ့ ရုရှားရဲ့ နယူးကလိယားလက်နက်အင်အားက အကြီးဆုံးပါပဲ။ နယူးကလိယလက်နက်အင်အားကိုတော့ ထရမ့်တိုးချဲ့ချင်လို့မရပါဘူး။ ရုရှားနဲ့ချုပ်ဆိုထားတဲ့စာချုပ်အရလည်း လက်နက်တွေကို တဖြည်းဖြည်းနဲ့ဖျက်သိမ်းသွားရမှာပါ။ ထရမ့်လုပ်ချင်တာက မဟာမိတ်နိုင်ငံတွေကို အသုံးချပြီးတာဝေးပစ် ဒုံးလက်နက်တွေပိုမိုဖြန့်ကျက်နိုင်ဖို့နဲ့ ဒုံးခွင်းလက်နက်တွေပိုမိုတိုးချဲ့နိုင်ဖို့ပါ။ တရုတ်ကတော့ အမေရိကန်ရဲ့အဆိုပါ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင့်လေ့ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်က စူပါပါဝါနိုင်ငံတစ်ခုဖြစ်သလို လက်ရှိစစ်အင်အားကို တိုးချဲ့သည်ဖြစ်စေ၊ မတိုးချဲ့သည်ဖြစ်စေ ကမ္ဘာစစ်ရေးချိန်ခွင်လျှာကိုတော့ ထိန်းထားနိုင်စွမ်းအပြည့်အဝရှိပါတယ်။

မင်းသုခ (အခရာ)

(www.akhayar.com)

New York Times ရဲ့ K.K. REBECCA LAI, TROY GRIGGS, MAX FISHER နဲ့ AUDREY CARLSEN တို့ရဲ့ Is America’s Military Big Enough? ဆောင်းပါးကို မှီငြမ်းရေးသားပါသည်။

Ref:  New York Times