Apple ရဲ့ iPhone အပါအဝင် အဓိက လျှပ်စစ်ပစ္စည်းတွေကို နောက်ကွယ်ကနေ ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေမှာ ပြုလုပ်ပေးနေတဲ့ ထိုင်ဝမ်ကုမ္ပဏီ Foxconn ဟာ အဓိက လူသား အလုပ်သမားတွေရဲ့ နေရာမှာ အလိုအလျောက်စနစ်သုံး စနစ်ကို အဓိက အစားထိုးသွားဖို့ ရည်ရွယ်နေတယ်လို့ သတင်းတစ်ရပ်အရ သိရပါတယ်။ Foxconn ရဲ့ General Manager ဖြစ်သူ Dai Jia-peng က ကုမ္ပဏီအနေနဲ့ Foxbots လို့ခေါ်တဲ့ ဆော့ဖ်ဝဲစနစ်သုံး စက်ရုပ်ယူနစ်တွေကို ထည့်သွင်းပြီး ထုတ်လုပ်ဖို့အတွက် အဓိကအစီအစဉ်ကြီး သုံးရပ်ကို ထုတ်ဖော်ခဲ့တာပါ။

ပထမအသုတ်မှာ Foxconn ဟာ အန္တရာယ်များတဲ့ နေရာတွေမှာ အလုပ်လုပ်တဲ့ လူသားတွေနေရာမှာ စက်ရုပ်တွေကို ထည့်သွင်းအစားထိုးသွားမှာ ဖြစ်ပါတယ်။ ဒုတိယအသုတ်မှာတော့ လက်ရှိထည့်သွင်း အလုပ်လုပ်နေတဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာ အသုံးပြုနေတဲ့ ပိုလျှံစက်ရုပ်အရေအတွက်ကို လျှော့ချသွားမှာပါ။ တတိယနဲ့ နောက်ဆုံးအသုတ်မှာတော့ စက်ရုံတစ်ခုလုံးကို အလိုအလျောက်နည်းပညာသုံးအဖြစ် ပြောင်းလဲပစ်မယ့်အစီအစဉ်ပါဝင်ပြီး “ထုတ်လုပ်မှုပိုင်း၊ သယ်ယူပို့ဆောင်မှုပိုင်း၊ စမ်းသပ်မှုပိုင်းနဲ့  စစ်ဆေးမှုပိုင်းတွေမှာသာ အလုပ်သမားအရေအတွက် အနည်းငယ်နဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်” လို့ Jia-peng က ဆိုခဲ့တာပါ။

ဒီလိုလုပ်ဆောင်မှုဟာဆိုရင် နှစ်ပေါင်းများစွာကတည်းက တစ်ဖြည်းဖြည်းချင်း လုပ်ဆောင်လာတဲ့ အလိုအလျောက်စနစ်အတွက် Foxconn ရဲ့ကြီးမားတဲ့ အကြံအစည်ကို အခုလိုစတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ကုမ္ပဏီရဲ့ ပြောကြားချက်အရ လာမယ့် ၂၀၂၀ခုနှစ်မှာ တရုတ်က စက်ရုံတွေရဲ့ ၃၀ရာခိုင်နှုန်းကို အလိုအလျောက်စနစ်နဲ့ အစားထိုးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ တစ်နှစ်ကို Foxbots စက်ရုပ်ပေါင်း ၁၀၀၀၀ထွက်အောင် ထုတ်လုပ်နိုင်နေပြီဖြစ်တယ်လို့ Jia-peng ကဆိုခဲ့ပြီး ဒါဟာဆိုရင် အလုပ်သမားထုကို အစားထိုးနိုင်အောင် များပြားလာတာပါ။ ပြီးခဲ့တဲ့မတ်လတုန်းကတော့ Foxconn ဟာအလိုအလျောက်စနစ် ၆၀၀၀၀ နဲ့ စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေကြောင်း ထုတ်ဖော်ခဲ့ပါသေးတယ်။

ရေရှည်အတွက်ဆိုရင် စက်ရုပ်တွေဟာ လူသားအလုပ်သမားတွေထက် ဈေးပေါတာကြောင့် ရွေးချယ်မှုသစ်တစ်ရပ် အဖြစ် လုပ်ငန်းရှင်တွေ မျက်စိကျလာကြပါတယ်။ ဒါပေမယ့် မတည်ငွေ အရင်းအနှီးက များပြားလှတာကြောင့် တွင်တွင်ကျယ်ကျယ်မလုပ်ဆောင်နိုင်သေးပါဘူး။ လူသားတွေက ဈေးကြီးခက်ခဲပြီး အချိန်အကန့်အသတ်ရှိပေမယ့် ပရိုဂရမ်စက်ရုပ်တွေကတော့ လုပ်ဆောင်ချက် မြောက်များစွာလုပ်ဆောင်နိုင်တာ ဒါမှမဟုတ် Reprogram စက်ရုပ်တွေက နဂိုဖန်ရှင်ထက်ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်သွားနိုင်တာကြောင့် စက်ရုပ်လုပ်သားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအားက အကန့်အသတ်မဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်စာရင်းအရ Foxconn ရဲ့ အလုပ်သမားဦးရေဟာ ၁.၂သန်းကျော်ရှိပြီး ကမ္ဘာ့အလုပ်သမားရဲ့ အကြီးမားဆုံး အလုပ်သမားထုတွေကို ပိုင်ဆိုင်ထားတဲ့အထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ တစ်သန်းကျော်ဟာ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။

မနေ့က New York Times သတင်းစာကြီးမှာ ဖော်ပြထားတဲ့ အတွင်းသတင်းတစ်ခုအရ Foxconn ရဲ့ Zhengzhou စက်ရုံကို ပြည်တွင်းအခေါ် “iPhone City” လို့ခေါ်ဝေါ်ကြပြီး တစ်ရက်ကို iPhone အလုံးရေ ၅၀၀,၀၀၀ ကျော် ထုတ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။