ဒီတစ်ခေါက် Interview အနေနဲ့ ဖော်ပြပေးဖို့ ရည်ရွယ်ထားသူကတော့ လူငယ်အဆိုတော် Floke Rose ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတွေက ကြမ်းတယ်လို့ လူတွေထင်ကြပေမယ့် တကယ်တော့ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေကို မျက်ဝါးထင်ထင်မြင်နိုင်ဖို့အတွက် စကားလုံးအလှအပမစီရီဘဲ ရေးသားသီဆိုထားလို့ လူငယ်အများစုကတော့ နှစ်သက်ကြပါတယ်။ ဒါ့အပြင် လူငယ်များရဲ့ အသံ (Voice of the Youth) ၂၀၁၇ ဆုရှင်တစ်ဦးလည်း ဖြစ်တာကြောင့် လူငယ်အဆိုတော် Floke Rose ရဲ့ ရပ်တည်မှု၊ အတွေးအမြင်နဲ့ အနုပညာအကြောင်းတွေကို လေ့လာကြည့်ရအောင်။

Mental Masturbation က အရမ်းလည်း ပေါက်ခဲ့တယ်ဆိုတော့ အရင်ဆုံး ဒီအခွေတုန်းကအကြောင်းလေး စပြောပေးပါဦး။

Mental Masturbation ကတော့ ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးအခွေအဖြစ် ထွက်လာတာပေါ့။ ကျွန်တော့်ရဲ့ စိတ်ကို Masturbate လုပ်ပြီး ထွက်လာတဲ့ Sperm တွေပေါ့။ ကျွန်တော့်ဘ၀အကုန်လုံးကို ဒီအခွေထဲမှာ ထည့်ရေးခဲ့တယ်။ Let Them Fly တို့ဘာတို့ကျတော့ လမ်းဘေးက ကလေးတွေ၊ Child Labor တွေကို ကျွန်တော်တက်နိုင်တဲ့ဘက်က ကူညီပေးချင်လို့ပါ။ Mental Masturbation တစ်ခွေလုံးက အားရတယ်။

သီချင်းတွေထဲမှာ နိုင်ငံရေးကို သရော်ထားတာလေးတွေ၊ လက်ရှိ မြန်မာနိုင်ငံ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေပါတယ်နော်။ အဲဒီ့အကြောင်းလေးတွေလည်း ပြောပြပါဦး။

အခုအချိန်မှာ ကျွန်တော့်ကို နိုင်ငံရေးဇာတ်လာသွင်းရင်လည်း အသွင်းမခံဘူး။ ဒါဆိုနိုင်ငံရေးအကြောင်းတွေ ဘာလို့ဆိုတာလဲဆိုတော့ ကိုယ် ဆိုချင်လို့ဆိုတာ။ ကျွန်တော် ဆိုချင်တာဆိုမယ်။ ကျွန်တော်ဖြစ်ရင် ခံမယ်။ ကြောက်လားဆိုတော့ မကြောက်လို့ပဲ ဆိုတာလေ။ လူ့အခွင့်အရေးအတွက်ကတော့ လုံးဝ Support လုပ်တယ်။

ဝေဖန်မှုတွေအပေါ်ရော ဘယ်လိုမြင်လဲ။

ကျွန်တော်က ကျွန်တော့်ရဲ့ သီချင်းထဲမှာ ကျွန်တော့်ရဲ့ အကြောင်းကို ကျွန်တော်ရေးတာ။ ၀ါဒဖြန့်တယ်တို့၊ ဘာတို့ လာမပြောနဲ့။ ဘယ်သူ့ကိုမှလည်း ရိုက်ပြီးနားထောင်ခိုင်းထားတာ မဟုတ်ဘူးလေ။ ဥပမာဆိုရင် ကျွန်တော် ဘာသာရေးအကြောင်းဆိုတယ်။ တချို့ကလေးတွေက ဘာသာမဲ့ဖြစ်သွားတာကို ကျွန်တော့်ကို Brain Wash လုပ်နေတဲ့ကောင်လို့ ပြောကြတယ်။ ဘယ်အရာကမှ အမြဲတမ်းမှန်နေတာမျိုးမရှိတဲ့အတွက် ဝေဖန်တာလည်း ဝေဖန်ပေါ့။ မှားလို့ ဝေဖန်တယ်ဆိုလည်း တစ်ချိန် ကျွန်တော် မှန်ရင် မှန်မှာပေါ့။ အဲဒီ့အချိန်ကျရင်တော့ ဝေဖန်တာတွေ ပျောက်သွားမှာပါ။

နောက်ပိုင်းရော ဘယ်လို Music မျိုးတွေ ချပြဖြစ်မယ်ထင်လဲ။

ကျွန်တော်က လူဆိုရင် အဖြူအမဲ အဲဒီလိုမမြင်ဘူး။ လူဆို လူလို့ပဲမြင်တယ်။ သီချင်းနားထောင်တယ်ဆိုရင်လည်း သီချင်းကိုပဲ နားထောင်တာ။ အမျိုးအစားကို နားထောင်တာမဟုတ်ဘူး။ ဒီတော့ အမျိုးအစားနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်မှာ မရှိဘူး။

ကိုယ့်ဘ၀အကြောင်းတွေ သီချင်းထဲ ထည့်ရေးတယ်ဆိုတာလေး ထပ်ပြောပြပါဦး။

ကိုယ့်ကိုယ်ကိုယ် မလိမ်ဘူး။ ကိုယ်က တကယ်ကို အလုပ်လက်မဲ့ဖြစ်နေလို့ သီချင်းထဲမှာ အလုပ်လက်မဲ့အကြောင်းထည့်ရေးလိုက်တယ်။ ရှက်စရာကြီးဘာညာမရှိဘူး။ ကျွန်တော် သီချင်းထဲမှာ ဘယ်တော့မှ မလိမ်ဘူး။ အပြင်မှာသာ လိမ်ရင် လိမ်မယ်။ ကျွန်တော်က လူဆိုတော့ ကျွန်တော်ရဲ့အကြောင်းကို ကျွန်တော် ဂရုအစိုက်ဆုံး။ အဲဒီတော့ ကျွန်တော် မွန်းကျပ်နေတဲ့အရာတွေ ရေးတာ။

တခြားလူတွေနဲ့ရော ပူးပေါင်းသွားဖို့တွေ ရှိလား။

Collaboration ကတော့ ကျွန်တော်လည်း သိပ်တော့ မလုပ်ချင်ဘူး။ မလုပ်ဘူးမဟုတ်ဘူး။ လုပ်မှာပါ။

ဒါဆို နောက်တစ်ခွေအကြောင်း ပြောပြပါဦး။

နောက်တစ်ခွေမှာက အပိုင်း (၃) ပိုင်း ခွဲထားတယ်။ အောက်ဆုံးအပိုင်းက Road to Suicide ။ အလယ်မှာက ကျွန်တော့်ရဲ့ လူနေမှု။ ကျွန်တော်ရဲ့ လူမှုဆက်ဆံရေး၊ ကျွန်တော်ရဲ့ ခံစားချက်။ အဲဒါတွေပါမယ်။ ပထမအပိုင်းကတော့ ကျွန်တော် စဉ်းစားထားတာက အစွဲတွေကို ချွတ်မယ်။ ကျွန်တော်တို့ မိဘဘိုးဘေးဘီဘင်လက်ထက်ကတည်းက စွဲနေတဲ့ ကံအစွဲအကြောင်းပေါ့။ နာမည်ကိုတော့ “I hope you are well and happy” လို့ ပေးထားတယ်။ ဒီတစ်ခွေလုံးက မျှော်လင့်ထားတာတွေရော၊ မမျှော်လင့်ထားတာတွေရော ပါမယ်။

အချစ်သီချင်းလေးတွေဘက်ရော လှည့်ဖြစ်ဦးမလား။

အချစ်သီချင်းဆိုတာ အလိုလိုချစ်ခင်လာတဲ့အချိန်ရောက်ရင်တော့ ဆိုမှာပေါ့။ ကိုယ်တိုင်ကတော့ အရမ်းချစ်တတ်ပါတယ်။ လက်ရှိအချစ်ရေးကတော့ ပုံမှန်ပါပဲ။

ဘယ်လိုမိန်းကလေးမျိုးကို စိတ်ဝင်စားလဲ။

ကျွန်တော်က ကျွန်တော်နဲ့ပုံစံတူ၊ စိတ်တူကိုယ်တူ၊ အကုန်အတူတူ မလိုချင်ဘူး။ အဲဒါ ရိုးနေပြီ။ ကျွန်တော်နဲ့ သက်သက်ကြီးဖြစ်နေပြီး မတူတာမျိုး အဲလိုမျိုး။ အဲဒီလိုမျိုးကို လိုချင်တာ။

အဲဒါဆို အစ်ကို့ရဲ့ ပရိသတ်တွေကိုရော ဘာပြောချင်သေးလဲ။

စာဖတ်ပါ။ နောက်ပြီးတော့ ကျွန်တော်ကိုယ်တိုင်က မြန်မာပြည်က ပညာရေး ဘယ်လောက်စုတ်ပြတ်နေတယ်လို့ပဲပြောပြော ပညာလေးတော့ တတ်အောင်သင်။ ဘာပဲပြောပြော ပညာတတ်တဲ့သူနဲ့ မတတ်သူနဲ့က ကွာတာပဲလေ။ အနည်းဆုံးတော့ ဆင်ခြင်တုံတရားခြင်း ကွာတယ်။ ကျွန်တော့်ကို အားပေးနေလို့လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။

Moethaesay (Akhayar)