ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ လစ်သူယေးနီးယား (၁-၅)ပေါ်တူဂီပွဲစဉ်မှာ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ တစ်ဦးတည်း (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့နိုင်ငံတကာ သွင်းဂိုးက(၉၃)ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ စီရော်နယ်လ်ဒို ဟာ နိုင်ငံတကာ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားစာရင်းရဲ့ နံပါတ်(၂)နေရာမှာလည်း ရပ်တည်နေပါတယ်။ အခု ဒီ အနေအထားတွေနဲ့ ဆက်စပ်ပြီး ပရိသတ်တွေအတွက် ဗဟုသုတရစရာတွေကို ဖော်ပြပေးနေတဲ့ Akhayar Sports ရဲ့ထုံးစံအတိုင်း နိုင်ငံတကာ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

10.Chhetri (India) 72 Goals

အိန္ဒိယအသင်းရဲ့ ၀ါရင့်တိုက်စစ်မှူး ချက်ထရီ Chhetri ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားကစားသမား တစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ချက်ထရီ ဟာ နိုင်ငံတကာသွင်းဂိုး(၇၂)ဂိုး သွင်းယူထားပြီး ၂၀၁၉ ခုနှစ်ထဲမှာ အိန္ဒိယအသင်းအတွက် ကစားပေးထားတဲ့ (၈)ပွဲမှာ (၇)ဂိုးထိတောင် သွင်းယူထားသလို လတ်တလောကစားနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာလည်း အသင်းအတွက် သွင်းဂိုး(၁)ဂိုးသွင်းယူထားပါတယ်။ ချက်ထရီ ဟာ အသက်(၃၅)နှစ်ရှိနေပြီဖြစ်ပေမယ့် အိန္ဒိယအသင်းအတွက် ခြေစွမ်းကောင်းတွေကို ပြသထားနေဆဲ ဖြစ်ပါတယ်။

Chhetri ရဲ့ နိုင်ငံကစားသမားဘ၀ အောင်မြင်မှုများ

Nehru Cup (3): 2007, 2009, 2012
AFC Challenge Cup (1): 2008
SAFF Championship (2): 2011, 2016

8.Abdullah (Kuwait) 75 Goals

ဒီစာရင်းမှာတော့ အာရှက တိုက်စစ်မှူးတွေပါဝင်နေတာကြောင့် ဂုဏ်ယူစရာ အခြေအနေတစ်ခုလို့ ပြောရမှာပါ။ ကူဝိတ်အသင်းအတွက် ၁၉၉၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့တဲ့ တိုက်စစ်မှူး အဗ္ဗဒူလာ Abdullah ကလည်း ဒီစာရင်းမှာပါဝင်နေပြီး သူ့ရဲ့သွင်းဂိုး အရေအတွက် ကတော့ (၇၅)ဂိုးဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာတော့ သူ့ရဲ့သွင်းဂိုး အရေအတွက်ကို ချက်ထရီ ကကျော်ဖြတ်သွားဖို့ ရှိနေပါတယ်။

Abdullah ရဲ့ နိုင်ငံကစားသမားဘ၀ အောင်မြင်မှုများ

Arabian Gulf Cup(2)

8.Sándor Kocsis (Hungary) 75 Goals

ဟန်ဂေရီအသင်းရဲ့ တိုက်စစ်မှူး ဆန်ဒေါကိုချက်စ် Sándor Kocsis ရဲ့ နိုင်ငံတကာသွင်းဂိုး အရေအတွက်ကလည်း (၇၅)ဂိုးပဲ ဖြစ်ပါတယ်။ ဆန်ဒေါကိုချက်စ် ဟာ ဟန်ဂေရီအသင်းအတွက် ၁၉၄၈ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်ထိ ကစားခဲ့ပြီး အဲဒီအချိန်ကာလအတွင်းမှာ ကစားခဲ့တဲ့ (၆၈)ပွဲမှာ (၇၅)ဂိုးထိ သွင်းယူနိုင်ခဲ့တာကြောင့် တော်တော်လေးကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပဲဖြစ်ပါတယ်။ ကလပ်အသင်း ကစားသမားဘ၀မှာလည်း ဆန်ဒေါကိုချက်စ် ဟာ စပိန်ထိပ်သီး ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြခဲ့ပြီး အောင်မြင်မှုဆုဖလားတွေလည်း ရရှိခဲ့ပါတယ်။

Sándor Kocsis ရဲ့ နိုင်ငံကစားသမားဘ၀ အောင်မြင်မှုများ

Olympic Champions: 1952
Central European Champions: 1953

7.Pele (Brazil) 77 Goals

နိုင်ငံတကာ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားစာရင်းမှာ ဘရာဇီးလ်ဂန္ထ၀င် ပီလီ Pele ပါဝင်နေမယ်ဆိုတာ ပရိသတ်တွေ သိပြီးသားဖြစ်မှာ သေချာပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သလို ထာဝရအကောင်းဆုံး ကစားသမားတစ်ဦလည်း ဖြစ်တဲ့ ပီလီ ရဲ့ နိုင်ငံတကာ သွင်းဂိုးဂိုးအရေအတွက်ဟာ (၇၇)ဂိုးဖြစ်ပါတယ်။ ဒါဟာ တရားဝင်ပွဲ ဂိုးအရေအတွက်ဖြစ်ပြီး တရားဝင်မဟုတ်တဲ့ ပွဲတွေပါထည့်တွက်ရင်တော့ သူ့ရဲ့သွင်းဂိုးအရေအတွက်က (၉၅)ဂိုးထိရှိပါတယ်။

Pele ရဲ့ နိုင်ငံကစားသမားဘ၀ အောင်မြင်မှုများ

FIFA World Cup (3): 1958, 1962, 1970

6.Hussein Saeed (Iraq) 78 Goals

အီရတ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူးဟောင်း ဟူစိန်ဆီဒက်ဒ် Hussein Saeed ကလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ ဟူစိန်ဆီဒက်ဒ် ဟာ အာရှရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ဂိုးအရေအတွက်ကတော့ (၇၈)ဂိုးဖြစ်ပါတယ်။ အီရတ်အသင်းအတွက် ဟူစိန်ဆီဒက်ဒ် ဟာ ၁၉၇၆ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

Hussein Saeed ရဲ့ နိုင်ငံကစားသမားဘ၀ အောင်မြင်မှုများ

AFC U-19 Championship: 1977
World Military Cup: 1979
Arabian Gulf Cup: 1979, 1984
Asian Games Gold Medal: 1982

အခု ပရိသတ်တွေအတွက် နိုင်ငံတကာ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားများ အပိုင်း(၁)ကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Wikipedia
Photo: The Indian Wire , FC Barcelona , Sporting News , FIFA.com , FOX Sports Asia
Ko Kyue(Akhayar)
www.akhayar.com