ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ လစ်သူယေးနီးယား (၁-၅)ပေါ်တူဂီပွဲစဉ်မှာ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ တစ်ဦးတည်း (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့နိုင်ငံတကာ သွင်းဂိုးက(၉၃)ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ စီရော်နယ်လ်ဒို ဟာ နိုင်ငံတကာ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားစာရင်းရဲ့ နံပါတ်(၂)နေရာမှာလည်း ရပ်တည်နေပါတယ်။ အခု ဒီ အနေအထားတွေနဲ့ ဆက်စပ်ပြီး ပရိသတ်တွေအတွက် ဗဟုသုတရစရာတွေကို ဖော်ပြပေးနေတဲ့ Akhayar Sports ရဲ့ထုံးစံအတိုင်း နိုင်ငံတကာ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

5.Chitalu (Zambia) 79 Goals

ဇမ်ဘီယာတိုက်စစ်မှူး ချီတာလူ Chitalu ကတော့ ပရိသတ်တွေနဲ့ တော်တော်လေးကို စိမ်းတဲ့ ကစားသမားပါ။ ဒါပေမယ့် ဒီစာရင်းမှာတော့ သွင်းဂိုး(၇၉)ဂိုးနဲ့ နံပါတ်(၅)နေရာမှာ ရပ်တည်နေပါတယ်။ ချီတာလူ ဟာ ဇမ်ဘီယာအသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးလို့ ပြောရမှာဖြစ်ပြီး ဂိုးသွင်းဘုရင်ဆုတွေနဲ့ တစ်ဦးချင်းထူးချွန်ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ ဇမ်ဘီယာအသင်းအတွက် ၁၉၆၈ ခုနှစ်ကနေ ၁၉၈၀ ခုနှစ်ထိ ကစားခဲ့တဲ့ ချီတာလူ ဟာ အသင်းနဲ့အတူ ၁၉၇၄ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဒုတိယဆုကို ရရှိခဲ့ပါတယ်။

4.Kamamoto (Japan) 80 Goals

ပရိသတ်တွေ မိသတဲ့ နာမည်ကျော် ဂျပန်ကစားသမားဟာ မရှိသလောက်ပါပဲ။ ဒါပေမယ့် အခုဒီစာရင်းထဲမှာ ပါဝင်နေတဲ့ ဂျပန်တိုက်စစ်မှူး ကာမာမိုတို Kamamoto ကိုတော့ စိမ်းနေကြလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိမှာ အသက်(၇၅)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကာမာမိုတိုရဲ့ သွင်းဂိုးအရေအတွက်ကတော့ (၈၀)ဖြစ်ပါတယ်။ ဒီဂိုး(၈၀)ကို ပွဲပေါင်း(၈၄)ပွဲမှာ သွင်းယူခဲ့တာကြောင့် တော်တော်လေးကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်လို့ ပြောရမှာပါ။ ဒါပေမယ့် မှတ်တမ်းမှတ်ရာတွေအရတော့ ကာမာမိုတို ဟာ ဂျပန်အသင်းနဲ့ ကြီးမားတဲ့ အောင်မြင်မှုကိုမရခဲ့ဘဲ ၁၉၆၈ ခုနှစ် မက္ကဆီကိုနွေရာသီ အိုလံပစ်မှာ ကြေးတံဆိပ်ဆုသာရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာတော့ ကာမာမိုတို သွင်းဂိုး(၇)ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

3.Puskás (Hungary) 84 Goals

ဟန်ဂေရီ ဂန္ထ၀င် ပွတ်ရှ်ကပ်စ် Puskás ရဲ့ ကစားပုံကို ကြည့်ဖူးတဲ့သူရှားနိုင်ပေမယ့် သူကိုမသိတဲ့သူကတော့ မရှိသလောက်ပါပဲ။ ပွတ်ရှ်ကပ်စ် ကို ဟန်ဂေရီဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားလို့ ပြောမယ်ဆိုရင်လည်း လွန်မယ်မထင်ပါဘူး။ ဟန်ဂေရီအသင်းအတွက် ပွတ်ရှ်ကပ်စ် ဟာ ပွဲပေါင်း(၈၅)ပွဲမှာ (၈၄)ဂိုးထိသွင်းယူခဲ့တာကြောင့် ဘယ်လောက်တောင် ဂိုးသွင်းကောင်းတဲ့ ကစားသမားဆိုတာကို မှန်းဆလို့ ရပါတယ်။ လက်ရှိမှာတော့ ဟန်ဂေရီအသင်းဟာ ဘောလုံးလောကမှာ တိမ်မြုပ်နေပေမယ့် ပွတ်ရှ်ကပ်စ် လက်ထက်မှာတော့ အသင်းကောင်း တစ်သင်းဖြစ်ခဲ့ပါတယ်။

Puskás ရဲ့ နိုင်ငံအသင်း အောင်မြင်မှုများ

Balkan Cup Champions: 1947
Olympic Champions: 1952
Central European Champions: 1953
FIFA World Cup Runners-up: 1954

2.Cristiano Ronaldo (Portugal) 93 Goals

ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒို ကတော့ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ လစ်သူယေးနီးယား (၁-၅)ပေါ်တူဂီပွဲစဉ်မှာ တစ်ဦးတည်း (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့နိုင်ငံတကာ သွင်းဂိုးက(၉၃)ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီပွဲမှာ စီရော်နယ်လ်ဒို ဟာ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရရှိခဲ့ပြီး ဒါကတော့ ယူရိုခြေစစ်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုး(၂၅)ဂိုး နဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းပဲဖြစ်ပါတယ်။ စီရော်နယ်လ်ဒို ဟာ အသက်(၃၄)နှစ်ရှိနေပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ထိပ်တန်းအဆင့်ခြေစွမ်းမှာရှိနေသေးတာကြောင့် တစ်ချိန်ချိန်မှာ နိုင်ငံတကာ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Cristiano Ronaldo ရဲ့ နိုင်ငံအသင်း အောင်မြင်မှုများ

UEFA European Championship: 2016
UEFA Nations League: 2018–19

1. Ali Daei (Iran) 109 Goals

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာတော့ အီရန်ဂန္ထ၀င်တိုက်စစ်မှူး အလီဒါယီ Ali Daei ဟာ သွင်းဂိုး(၁၀၉)ဂိုးနဲ့ ရှိနေပါတယ်။ အလီဒါယီ ဟာ အီရန်အသင်းအတွက် ၁၉၉၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့ပြီး သွင်းဂိုး(၁၀၉)ဂိုးကို ပွဲပေါင်း(၁၄၉)ပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ကစားဖူးတဲ့ အလီဒါယီ ဟာ အီရန်အသင်းနဲ့ အောင်မြင်မှုဆုဖလားတွေကို ရရှိခဲ့ပါတယ်။

Ali Daei ရဲ့ နိုင်ငံအသင်း အောင်မြင်မှုများ

Asian Games Gold Medal: 1998
AFC/OFC Cup Challenge: 2003
WAFF Championship: 2004

နိုင်ငံတကာ သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Wikipedia
Photo: Portugal Twitter , YouTube , Sporting News , The Independent , The42 , Hypebeast
Ko Kyue(Akhayar)
www.akhayar.com