“လူအကြောင်း ပေါင်းကြည့်မှသိ” ဆိုပေမယ့် လူတစ်ယောက်ရဲ့အကျင့်စရိုက်ကို အခြေခံပြီးတော့ အဲဒီလူရဲ့ဥာဏ်ရည်ကိုတော့ ခွဲခြားလို့ရပါတယ်။ အများနဲ့မတူတဲ့ အကျင့်စရိုက်ရှိသူတွေက သာမန်ထက် ထူးချွန်နေတာကိုလည်း အံ့အားသင့်ဖွယ်တွေ့ရပါသေးတယ်။ ကိုယ်ဟာ ဥာဏ်ကောင်းတဲ့လူလား သာမန်လူလားခွဲခြားသိမြင်နိုင်စေဖို့ ဒီလိုအကျင့်စရိုက်လေးတွေရှိရင်တော့ ဥာဏ်ကောင်းပြီလို့ ဆိုနိုင်ပါပြီ။

၁။ ဆဲတတ်တယ်

ဆဲရေးတိုင်းထွာတာက ဖရုဿဝါစာမြောက်တဲ့အတွက် ဒုစရိုက်ဆယ်ပါးမှာ ပါဝင်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားဖြစ်မှာပါ။ တကယ်တမ်းတော့ နှုတ်ကြမ်းအာကြမ်းနဲ့ ဆဲတတ်တဲ့သူတွေက သာမန်လူတွေထက် အာဝဇ္ဇန်းရွှင်လေ့ရှိပြီး တီထွင်ကြံဆလိုစိတ်များလေ့ရှိပါတယ်။ တစ်မိနစ်အတွင်းမှာ ဆဲရေးတဲ့စကားလုံးအများဆုံးပြောနိုင်တဲ့သူတွေဟာ သာမန်လူထက် ဥာဏ်ပိုကောင်းကြတယ်လို့ စကားလုံးထိန်းချုပ်စမ်းသပ်မှုအဖွဲ့ (Controlled Oral Word Association Test – COWAT) အဖွဲ့ရဲ့ သုတေသနအရ သိရပါတယ်။

၂။ အိမ်ယာထ နောက်ကျတတ်တယ်

ညဥ့်နက်မှ အိပ်ယာဝင်တော့ မနက်ဆိုရင် အိပ်ယာထ နောက်ကျပြီလေ။ သိပ္ပံနည်းကျလေ့လာမယ်ဆိုရင် အိပ်ယာထ နောက်ကျတာလည်း ဥာဏ်ကောင်းသူတွေရဲ့ သင်္ကေတတစ်ခုပါ။ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား (Barack Obama) ၊ သဘာဝတ္ထပညာရှင် ချားလ် ဒါဝင် (Charles Darwin) ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ (Winston Churchill) နဲ့ အဆိုတော် အဲဗစ် ပရက်စလေ (Elvis Presley) တို့ဟာ အိပ်ယာထနောက်ကျတတ်သူတွေပါ။

You May Like : အချစ်စစ်တို့ရဲ့လမ်းဟာ မဖြောင့်ဖြူးတတ်ပါဘူး

၃။ ညစ်တီးညစ်ပတ်နေတတ်တယ်

လူတစ်ယောက်ရဲ့ ဝတ်ဆင်ပုံနဲ့ သန့်ရှင်းသပ်ရပ်မှုကို ကြည့်ပြီးတော့ ဥာဏ်ရည်ကို ခန့်မှန်းလို့ရတယ်နော်။ ရှုပ်ပွနေတဲ့ အခန်းမှာနေတတ်တဲ့သူတွေ၊ ပေတီပေစုတ်နေထိုင်တတ်တဲ့သူတွေဟာ ဥာဏ်ကြီးရှင်တွေဖြစ်ကြပါသတဲ့။ အခန်းကျဉ်းထဲမှာ ရှုပ်တီးရှုပ်ပွနေတတ်တဲ့သူတွေက ဥာဏ်ပိုကောင်းကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ တခြားအရေးကြီးကိစ္စတွေကိုသာ ဦးစားပေးနေရပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုအပိုင်းမှာ အားနည်းသွားလို့ဆိုတာ အမေရိကန်နိုင်ငံ မင်နီဆိုတာတက္ကသိုလ် (University of Minnesota) မှာပြုလုပ်တဲ့ သုတေသနအရ သိရပါတယ်။

၎။ အပျင်းကြီးတယ်

ဥာဏ်ကောင်းတဲ့သူတွေဟာ အပျင်းကြီးတတ်တယ်လို့ အမေရိကန်အခြေစိုက် သုတေသနတစ်ခုအရ သိရပါတယ်။ ဥာဏ်ရည်မြင့်တဲ့သူတွေက အလုပ်တစ်ခုကို ကြာရှည်လုပ်ရမှာ ပျင်းရပြီး အလွယ်တကူစိတ်ပြောင်းလွယ်ကြသလို စိတ်ကူးယဉ်ကမ္ဘာထဲ တဝဲလည်လည် ဖြစ်နေတတ်ကြလို့ပါ။

သုတေသနရလဒ်တွေက အားကြမ်းလျှာကြမ်း ဆဲတတ်တဲ့သူတွေ၊ ညစ်တီးညစ်ပတ်နေတတ်တဲ့သူတွေ၊ အိပ်ယာထ နောက်ကျတတ်တဲ့သူတွေနဲ့ အပျင်းကြီးတတ်တဲ့သူတွေအတွက်တော့ သတင်းကောင်းပဲနော်။ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဒီလိုဥာဏ်ကြီးရှင်တွေရှိရင် မအိုခင်၊ မနာခင်၊ မသေခင် အချိန်ရှိတုန်း ဆည်းကပ်ကိုးကွယ်လိုက်ပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com