ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်နေတဲ့သူတစ်ဦးဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာ ဘာမှမရှိပါဘူး။ အခု အင်နီယေစတာ ဆိုရင်လည်း သူ့ရဲ့အောင်မြင်မှုတွေကို ရွာငယ်လေးတစ်ရွာကနေ စတင်ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၃)နှစ်က Fuentealbilla ရွာလေးက Albacete အသင်းမှာ ကစားနေတဲ့ အသက်(၁၂)နှစ်အရွယ် အင်နီယေစတာ Iniesta ဆိုတဲ့ ကောင်လေးတစ်ယောက် ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီမှာ ကစားခွင့်ရဖို့ မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်နဲ့ ခရီးနှင်လာခဲ့ပါတယ်။ ကားလေးနဲ့ နှင်လာကြတဲ့ ဒီခရီးစဉ်မှာတော့ ဒီကောင်လေးရဲ့ အဖေ Jose Antonio ၊ အေမ Mari နဲ့ အဖိုး Andrés တို့လည်းပါခဲ့ကြတယ်။ အင်နီယေစတာ ရဲ့ အဖေ Jose Antonio နဲ့ ဘာစီလိုနာလူငယ်အသင်းနည်းပြ Enrique Orizaola တို့ဟာ ရင်းနှီးတဲ့သူတွေဖြစ်ပြီး သူ့ရဲ့တိုက်တွန်းမှုကြောင့် အင်နီယစေတာ ကို ဘာစီလိုနာအကယ်ဒမီပို့ဖို့ စီစဉ်ခဲ့ချိန်မှာ အင်နီယေစတာ ကလည်း ကိုယ့်ဘ၀ရဲ့ တက်လမ်းအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ပါတယ်။

ရွာမှာနေတဲ့ ကလေးတစ်ယောက် အနေနဲ့ တိုးတက်ရာလမ်းကြောင်း တစ်ခုရှာဖွေဖို့ဆိုတာ တကယ့်ကို ခက်ခဲတဲ့ အခြေအနေတစ်ခုဖြစ်တာကို Jose Antonio က နားလည်သဘောပေါက်ခဲ့ပါတယ်။ ” အဲဒီအချိန်တုန်းက အကြောင်းတွေကို အမြဲမတွေးဖြစ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တစ်ယောက်တည်းဖြစ်နေရင်တော့ အတိတ်ကိုပြန်တွေးကြည့်မိပြီး သူ(အင်နီယေစတာ)က အသက်ငယ်ငယ်လေးနဲ့ အခက်အခဲတွေ ကြုံခဲ့ရတာပါ။ သူက ကျွန်တော်တို့နဲ့ ရွာကအိမ်မှာပဲ အမြဲအတူရှိခဲ့တာပါပဲ။ ကျွန်တော်နဲ့ သူနဲ့ကတော့ နီးနီးကပ်ကပ်ရှိခဲ့ကြပါတယ်။ သူကို လေ့ကျင့်ခန်းဆင်းဖို့လိုက်ပို့တယ်။ တနင်္ဂနွေနေ့မှာ သူကစားတဲ့ပွဲကို ကြည့်ခဲ့တယ်။ ကျွန်တော်က သူ့ကို အခွင့်အလမ်းတွေနဲ့ ကြီးပြင်းပြီး ပြိုင်ဆိုင်မှုတွေနဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ဆန္ဒရှိခဲ့တာပါ။ ဒီလိုမျိုးက ဘာကာမှာဆို လိုအပ်ပါတယ်။ ကျွန်တော်တို့က ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရတာကြောင့် သူ့အတွက်နေရာကောင်းတစ်ခုကို ရှာပေးနိုင်ခဲ့တဲ့ အချိန်မှာ ကျွန်တော်ကိုယ့်ကိုကိုယ် ကြည်နူးမိခဲ့ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ သူကိုယ်တိုင်ပဲချရမှာပါ။ ပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ သူ့စိတ်ကိုသူ ရှင်းရှင်းလင်းလင်းလုပ်နိုင်ခဲ့ပါတယ်။ သူက သူ့အသက်အရွယ်မှာ တကယ့်ကို ရင့်ကျက်တာပါ ” လို့ Jose Antonio က ပြောကြားခဲ့ပါတယ်။


(Akhayar Sports မှ ဖော်ပြခဲ့တဲ့ ဘောလုံးသတင်းဆောင်းပါးတွေကို Dagon Beer မှ ကူညီပံ့ပိုးပေးထားပါသည်)

” အသက်(၁၂)နှစ်အရွယ်မှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ခေါင်းအေးအေးထားပြီး ကျွန်တော်ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ တကယ်တမ်းက သိပ်မသွားချင်ခဲ့တော့ ရက်အနည်းငယ်ကြာခဲ့ပါသေးတယ်။ အဖေနဲ့ အချိန်တော်တော်ကြာကြာစကားပြောအပြီးမှာတော့ အဖေရဲ့ စကားတွေက ကျွန်တော်အတွက် ကောင်းဖို့ဆိုတာ သိလာခဲ့ရပါတယ် ” လို့ အင်နီယေစတာ ကလည်းဖွင့်ဟခဲ့ပါတယ်။ နောက်ပိုင်း ကိစ္စတွေကတော့ အားလုံးသိတဲ့အတိုင်း အင်နီယေစတာ ဟာ ဘာစီလိုနာ ၊ စပိန်အသင်းတွေနဲ့ အောင်မြင်မှုများစွာရရှိခဲ့ပြီး ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမားတစ်ဦးဘ၀ကို ပိုင်ဆိုင်ခဲ့ပါတယ်။

” သူ့အတွက် ကျွန်တော် ဂုဏ်ယူရပါတယ်။ ဒါက အားလုံးအတွက် ဆုလဒ်တစ်ခုပါပဲ။ သူကတော့ အမြဲပုံမှန်ပါပဲ။ ကျွန်တော်တို့အတွက် မိသားစုဝင်တစ်ဦးဖြစ်သလို လူကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဘောလုံးပွဲတွေမှာတော့ သူအစွမ်းပြတာရှိသလို အစွမ်းမပြနိုင်တာလည်း ရှိပါတယ်။ လူတွေလိုချင်ကြတဲ့ အောင်မြင်မှုဆိုတာ ရှိပေမယ့် အချိန်တန်ရင် ဒါတွေက ပြီးသွားတာပါပဲ။ နေ့တစ်နေကုန်သွားပြီဆို ကိုယ့်ကိုမထားခဲ့တာတွေက ကိုယ်ဘယ်သူလည်းဆိုတာပါ။ ကျွန်တော်မှာ အရမ်းကောင်းတဲ့ သားတစ်ယောက်ရှိပါတယ်။ သူမှာလည်း အားနည်းချက်တစ်ချို့ရှိပါတယ်။ ပြောရရင်တော့ ဗိုလ်လုပွဲ ဒါမှမဟုတ် အရေးကြီးတဲ့ပွဲတွေမှာ ရလဒ်ဆိုးပြီဆို သူက တခြားကစားသမားတွေထက် ပိုခံစားလွယ်တာပါ။ အားကစားရဲ့ သဘောသဘာဝက အမြဲတမ်းမနိုင်ဘူးဆိုတာကိုလည်း ကျွန်တော် သူ့ကို ရှင်းပြပါတယ်။ ဒါပေမယ့် သူကဖြစ်သင့်တာထက် ပိုခံစားလွယ်ပါတယ်။ သူများပြဿနာကိုလည်း သူ့ပြဿနာဆိုပြီး စဉ်းစားတတ်တဲ့ လူစားမျိုးပါ။ ငယ်ငယ်ကတည်းက ဖိအားတွေ ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတဲ့ သူ့အတွက် စိတ်မပူမိပါဘူး။ သူအတွေးမများဖို့တော့ လိုပါတယ် ” လို့ Jose Antonio က သူ့သားနဲ့ ပတ်သက်တဲ့ အကြောင်းတချို့ကိုလည်း ဖောက်သည်ချခဲ့ပါတယ်။

အခု ဒီ Article ရဲ့ အဆုံးသတ်မှာတော့ အင်နီယေစတာ ရဲ့ ပြောစကားလေး တစ်ခွန်းနဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်။

” ကျွန်တော် အသက်(၁၂)နှစ်အရွယ်တုန်းက ကျွန်တော့် အဖေက ကျွန်တော့်ကို ဘောလုံးကန်ဖိနပ်ဝယ်ပေးဖို့ အတွက် (၃)လ ပိုက်ဆံစုခဲ့ရပါတယ်။ အခု ကျွန်တော့်မှာ ပိုက်ဆံရှိနေပါပြီ။ ဒါပေမယ့် ဘောလုံးကန်ဖိနပ်တွေကို မြင်လိုက်တိုင်းမှာ ကျွန်တော် ဘယ်ဘ၀ကလာလဲဆိုတာကို ဘယ်တော့မှမမေ့ပါဘူး ” …

Ref: Tribuna
Photo: FC Barcelona , The Sun , Punch Newspapers , Sport
Ko Kyue(Akhayar)
www.akhayar.com