အင်တာဗျုးတစ်ခုမှာတော့ Cristiano Ronaldo ငယ်ဘဝက ကစားဖော်သူငယ်ချင်း Albert Fantrau ဟာ သူ့ရဲ့ကျေးဇူးရှင်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် Cristiano Ronaldo အခုလိုပြောပါတယ်။

“ ကျွန်တော် အောင်မြင်မှုတွေ ကြုံလာတိုင်း သူငယ်ချင်း Albert Fantrau ကို အမြဲသတိရတယ်ဗျာ။ ကျွန်တော်တို့နှစ်ယောက်က ၁၈နှစ်အောက် ကစားပွဲတစ်ခုမှာ Nacional မှာ အတူကစားခဲ့ရကြတဲ့သူတွေလေ။ တစ်နေ့ ပွဲတစ်ပွဲမကစားခင် စပို့တင်းလစ္စဘွန်းအသင်းမန်နေဂျာက ကျွန်တော်တို့နှစ်ယောက်ကိုတွေ့ဆုံပြီး ဒီပွဲမှာ ဂိုးပိုသွင်းနိုင်သူက အသင်းရဲ့လူငယ်အကယ်ဒမီမှာ ကစားခွင့်ပေးမယ်လို့ ပြောပါတယ်။ ဒီပွဲမှာ ကျွန်တော်က ပထမအဖွင့်ဂိုး စသွင်းခဲ့တယ်။ အဲနောက် သူက လှလှပပခေါင်းတိုက်ဂိုးသွင်းခဲ့ပြီးတော့ ဒုတိယဂိုးသွင်းခဲ့တယ်ဗျ။ ပိုဂိုးသွင်းနိုင်တဲ့သူက စပို့တင်းလစ္စဘွန်းအကယ်ဒမီ (Sporting Lisbon Academy) မှာ ကစားခွင့်ရမှာဆိုတော့ တတိယဂိုးက ကျွန်တော်တို့နှစ်ယောက်ဘဝအတွက် အရေးကြီးလာပြီလေ။ အဲလ်ဘတ်က ပြိုင်ဘက်ဂိုးသမားနှင့်တစ်ယောက်ချင်း တွေ့ခဲ့တယ်။ သူ့ရဲ့ လှပတဲ့စွမ်းရည်နဲ့ ဂိုးသမားကို လိမ်ခေါက်ပြီး သွင်းယူရမှာပါ။ ဒါပေမယ့် သူက နောက်ကလိုက်လာတဲ့ ကျွန်တော့်ကို ဘောလုံးခင်းပေးခဲ့တယ်။ ကျွန်တော် တတိယဂိုးသွင်းနိုင်ခဲ့တာပေါ့။ ဒါကြောင့် ကျွန်တော် စပို့တင်းလစ္စဘွန်းအကယ်ဒမီမှာ တက်ရောက်နိုင်ခဲ့တာပါ။ ပွဲပြီးတော့ ကျွန်တော် သူ့ကို သွားတွေ့ခဲ့တယ်။ မင်း ဂိုးသွင်းလို့ရရဲ့သားနဲ့ ဘာလို့ဂိုးမသွင်းခဲ့သလဲဆိုတာကိုပေါ့။ မင်းက ပိုကောင်းတဲ့ကစားသမားမို့ပါလို့ ပြန်ဖြေခဲ့တယ်ဗျာ။ Albert Fantrau  သာ အခွင့်အရေးမပေးခဲ့ဘူးဆိုရင် ဒီနေ့မှာ Cristiano Ronaldo ဆိုတာ ဖြစ်လာစရာ အကြောင်းမရှိပါဘူးဗျာ။ ကျွန်တော် သူ့ကို အမြဲကျေးဇူးတင်မိတယ်။ ကျွန်တော့်သူငယ်ချင်းကတော့ ကစားသမားဘဝကို အစောကြီး အဆုံးသတ်ခဲ့ပါတယ်”

အဲဒီအခါမှာ ဂျာနယ်လစ်ဟာ Albert Fantrau သွားရောက်တွေ့ဆုံပြီး ဒီဖြစ်ရပ်ဟာ အမှန်တကယ်လားဆိုပြီးတော့ မေးမြန်းခဲ့ပါတယ်။ သူက တကယ်ဖြစ်ကြောင်း ဖြေခဲ့ပါတယ်။ ဒါပေမယ့် ဂျာနယ်လစ်ဟာ တစ်ခုကို ထူးထူးခြားခြားသတိပြုမိသွားတယ်။ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲနဲ့ Albert Fantrau တစ်ယောက် အိမ်မြေခြံကား၊ စိန်ရွှေပတ္တမြားတွေနဲ့ ဘာလို့ပြည့်ပြည့်စုံစုံ နေနိုင်သလဲဆိုတာကိုပေါ့။ ဂျာနယ်လစ်က ခင်ဗျား အခုလိုပြည့်ပြည့်စုံစုံနေနိုင်ဖို့ ဘယ်လိုပိုက်ဆံရှာသလဲဆိုတာကိုပေါ့။ သူ့ရဲ့အဖြေကြောင့် ဂျာနယ်လစ် အံ့အားသင့်သွားရပါတယ်။

“It is all because of Ronaldo” ဒါတွေအားလုံးက ရော်နယ်ဒိုဖန်ဆင်းပေးတာတွေလေ” တဲ့။

တချို့တွေကလည်း ဒီဖြစ်ရပ်ဟာ အမှန်မဟုတ်ဖူးလို့ ဝေဖန်ကြပေမယ့် စာရေးသူကတော့ Cristiano Ronaldo ဟာ ကျေးဇူးသိတတ်သူတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ကဲ . . ကျွန်တော်တို့တွေလည်း နေရာတစ်ခုအထိ အောင်မြင်လာပြီဆိုရင် ဘယ်သူက လှေကားခင်းပေးခဲ့သလဲဆိုတာကို သတိမပြုသင့်ဘူးလား။ ကိုယ်တကယ် အဆင်ပြေလာရင်တော့ ကျန်တဲ့ကျေးဇူးရှင်တွေ၊ ထောက်ပံ့ပေးခဲ့တဲ့လူတွေကို သတိမရရင်တောင် မိဘနှစ်ပါးကိုတော့ သတိရပေးပါ။ ပြီးတော့လည်း ကျေးဇူးသိတတ်တဲ့လူဆိုတာ ဘယ်တော့မှာ ဒုက္ခမရောက်ပါဘူးလို့သာ ဆိုချင်ပါတယ်။

Reference and Photo Credit – BBC ၊ CNBC

ကျော်စိုးအောင် (အခရာ)

www.akhayar.com