၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာတော့ မက်ဆီ Messi ဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါချန်ပီယံဆုကို ရရှိခဲ့သလို ပီချီချီဆုနဲ့ ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုတွေကို ရရှိခဲ့ပါတယ်။ မက်ဆီ ဟာ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၅၁)ဂိုးသွင်းယူခဲ့ပြီး ၂၀၁၉ Ballon d’Or ဆုအတွက်လည်း ရေပန်းစားနေသူပါ။ ပြီးခဲ့တဲ့ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာ မက်ဆီ ရရှိခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတွေက အများအပြားရှိနေတာကြောင့် အပိုင်း(၁)ကို စတင်ဖော်ပြေးလိုက်ပါတယ်။

ဘောလုံးရာသီ (၁၀)ရာသီဆက် ဂိုး(၄၀)နဲ့ အထက်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား

၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာတော့ မက်ဆီ ဟာ ပြိုင်ပွဲစုံသွင်းဂိုး (၅၁)ဂိုးသွင်းယူခဲ့ပါတယ်။ ဒီအနေအထားကြောင့် ဘောလုံးရာသီ (၁၀)ရာသီဆက် ဂိုး(၄၀)နဲ့ အထက်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မက်ဆီ ဟာ စံချိန်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ၂၀၀၉ – ၂၀၁၀ ဘောလုံးရာသီကစပြီး မက်ဆီ ဟာ တစ်ရာသီကို ဂိုး(၄၀)နဲ့ အထက်သွင်းယူနိုင်ခဲ့တာပါ။ မက်ဆီ ရဲ့ သွင်းဂိုးအနည်းဆုံးရာသီက ၂၀၁၃ – ၂၀၁၄ ၊ ၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီတွေက (၄၁)ဂိုးဖြစ်ပြီး သွင်းဂိုးအများဆုံးရာသီကတော့ ၂၀၁၁ – ၂၀၁၂ ဘောလုံးရာသီက (၇၃)ဂိုးဖြစ်ပါတယ်။

လာလီဂါနိုင်ပွဲအများဆုံးရရှိထားတဲ့ ကစားသမား

ဒီစံချိန်မှတ်တမ်းကလည်း တကယ့်ကို မလွယ်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာတော့ မက်ဆီ ဟာ ဒီစံချိန်မှတ်တမ်းကောင်းကို ရရှိခဲ့ပြီး လက်ရှိအချိန်ထိ လာလီဂါနိုင်ပွဲ(၃၃၉)ပွဲရရှိထားပါတယ်။

ဘာစီလိုနာသမိုင်းတစ်လျှောက် ဒုတိယပွဲအများဆုံးကစားထားတဲ့ ကစားသမား

၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာ မက်ဆီ ဟာ အင်နီယေစတာ Iniesta ရဲ့ ဘာစီလိုနာသမိုင်းတစ်လျှောက် ဒုတိယပွဲအများဆုံးကစားထားတဲ့ ကစားသမားဆိုတဲ့ မှတ်တမ်းကောင်းကို လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ မက်ဆီ ဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၆၈၇)ပွဲကစားထားပြီး ပွဲအများဆုံးကစားထားတဲ့ ဇာဗီ Xavi ရဲ့ (၇၆၇)ပွဲစံချိန်ကို မီဖို့ကတော့ ပွဲနည်းနည်းလိုနေပါသေးတယ်။

ကစားသမားဘ၀တစ်လျှောက် ကလပ်အသင်း သွင်းဂိုး(၆၀၀)ပြည့်ခဲ့တဲ့ ကစားသမား

စီရော်နယ်လ်ဒို Cristiano Ronaldo ဂိုး(၆၀၀)ပြည့်ပြီး သိပ်မကြာခင်မှာပဲ မက်ဆီ ဟာလည်း ဂိုး(၆၀၀)ပြည့်ခဲ့ပါတယ်။ မက်ဆီ ရဲ့ ဂိုး(၆၀၀)ပြည့်ဂိုးကတော့ လီဗာပူးလ်ဘက်ကို ချန်ပီယံလိဂ်မှာ ကန်သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးဖြစ်ပါတယ်။

လာလီဂါပြိုင်ပွဲမှာ ပယ်နယ်တီဂိုး(၅၀)ပြည့်ခဲ့တဲ့ ကစားသမား

မက်ဆီ ဟာ ပယ်နယ်တီကန်သွင်းရာမှာ အားနည်းချက်ရှိတယ်လို့ အများက ယူဆထားကြပြီး သူကိုယ်တိုင်လည်း သူရဲ့ပယ်နယ်တီကန်သွင်းချက်တွေက လိုအပ်ချက်ရှိနေတယ်လို့ ၀န်ခံထားသူဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဆီ ဟာ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာတော့ ဘာစီလိုနာအသင်းအတွက် လာလီဂါပြိုင်ပွဲမှာ ပယ်နယ်တီဂိုး(၅၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အခု ပရိသတ်တွေအတွက် ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာ မက်ဆီ ရရှိခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းများ အပိုင်း (၁)ကိုဖော်ပြပေးခဲ့တာပါ။ ကျန်ရှိနေတဲ့ အပိုင်း(၂)ကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Sporskeeda , TalkSport
Photo: Carmon Report , Barcelona Twitter , Libertatea , SFGate , The Sun , SPORTbible
Ko Kyue(Akhayar)
www.akhayar.com