၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာတော့ မက်ဆီ Messi ဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါချန်ပီယံဆုကို ရရှိခဲ့သလို ပီချီချီဆုနဲ့ ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုတွေကို ရရှိခဲ့ပါတယ်။ မက်ဆီ ဟာ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၅၁)ဂိုးသွင်းယူခဲ့ပြီး ၂၀၁၉ Ballon d’Or ဆုအတွက်လည်း ရေပန်းစားနေသူပါ။ ပြီးခဲ့တဲ့ ၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာ မက်ဆီ ရရှိခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတွေက အများအပြားရှိနေတာကြောင့် အပိုင်း(၂)ကို စတင်ဖော်ပြေးလိုက်ပါတယ်။

လာလီဂါသွင်းဂိုး(၄၀၀)ပြည့်ခဲ့တဲ့ ပထမဆုံးကစားသမား

လာလီဂါမှာ သွင်းဂိုး(၄၀၀)ပြည့်ဖို့ဆိုတာ တကယ့်ကို မလွယ်တဲ့အရာပါ။ ဒါပေမဲ့ မက်ဆီ ကတော့ ဖြစ်အောင်လုပ်နိုင်ခဲ့ပြီး သူ့ရဲ့လာလီဂါသွင်းဂိုး(၄၀၀)ပြည့်ဂိုးကိုတော့ အီဘာကို ဘာစီလိုနာက ( ၃ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာသွင်းယူခဲ့တာဖြစ်ပါတယ်။

လာလီဂါပြိုင်ပွဲရဲ့ ဒုတိယအအောင်မြင်ဆုံးကစားသမား

မက်ဆီ ဟာ လက်ရှိမှာ လာလီဂါချန်ပီယံဆုကို (၁၀)ကြိမ်ထိရရှိထားတာကြောင့် လာလီဂါပြိုင်ပွဲရဲ့ ဒုတိယအအောင်မြင်ဆုံးကစားသမားအဖြစ် ရီးယဲလ်ကစားသမားဟောင်း Pirri နဲ့အတူ ရပ်တည်နေပါတယ်။ လာလီဂါပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးကစားသမားသမားကတော့ ရီးယဲလ်ကစားသမားဟောင်း Paco Gento ဖြစ်ပြီး ချန်ပီယံဆုကို(၁၂)ကြိမ်ထိ ရယူထားတာပါ။ မက်ဆီ အနေနဲ့ Paco Gento ရဲ့စံချိန်မှတ်တမ်းကို ကျော်ဖြတ်ပြီး လာလီဂါပြိုင်ပွဲရဲ့အအောင်မြင်ဆုံးကစားသမားဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ (၆)ကြိမ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား

ဒီရာသီမှာ မက်ဆီ ဟာ ဘာစီလိုနာအသင်းနဲ့ စပိန်ဘုရင့်ဖလားချန်ပီယံဆုကို လွဲချော်ခဲ့ပေမယ့် စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ ဒါကတော့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ (၆)ကြိမ်တိုင် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းပဲဖြစ်ပါတယ်။ မက်ဆီ ဟာ ၂၀၀၉၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွေမှာ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

(၆)ကြိမ်မြောက် ရရှိခဲ့တဲ့ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု

မက်ဆီ ဟာ ဒီရာသီမှာ လာလီဂါသွင်းဂိုး(၃၆)ဂိုးနဲ့ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)ကို (၆)ကြိမ်မြောက်ရရှိခဲ့သလို ဒီဆုကို (၃)နှစ်ဆက် ရရှိခဲ့တဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ မက်ဆီ ဟာ ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု(ESM)ကို အကြိမ်အများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

၂၀၁၈ – ၂၀၁၉ ဘောလုံးရာသီမှာ Messi ရရှိခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Sporskeeda , TalkSport
Photo: Messi Twitter , AP News , FC Barcelona , Barca Blaugranes
Ko Kyue(Akhayar)
www.akhayar.com