လူတချို့မှာ ရန်လေးဖြစ်၊ စကားလေးများလိုက်တာနဲ့ မျက်ရည်က ဝေါခနဲပြိုဆင်းလာတဲ့သူတွေ ရှိပါတယ်။ ပြောရမှာ ရှက်ပေမယ့် အဲဒီလူတွေထဲမှာ ကျွန်တော်လည်း အပါအဝင်ပါပဲ။ အမေက ဆူလိုက်တာနဲ့ မျက်ရည်ဝဲနေပြီ၊ တစ်ခါတလေ မျက်ရည်ကျတာကတော့ ထူးဆန်းပါတယ်။ ဝမ်းနည်းလို့ မဟုတ်ဘဲ ဒေါသထွက်လွန်းတဲ့ အခါကျရင်လည်း မျက်ရည်ကျတတ်ပါသေးတယ်။ စိတ်ရှုပ်တဲ့အခါဆို မျက်ရည်တွေ ဝဲတက်လာတာရှိလို့ သူငယ်ချင်းတွေနဲ့ ချစ်သူဆီက “မျက်ရည်ခံထိုးမနေနဲ့၊ မျက်ရည်လွယ်လိုက်တာ..ပျော့ညံ့လိုက်တာ၊ ယောက်ျားဆိုတာ မျက်ရည်မကျရဘူးကွ”စတဲ့ တိုက်ခိုက်ကြတဲ့ စကားတွေလည်း အမျိုးမျိုး ကြားခဲ့ရပါတယ်။

တကယ်တော့ ကျွန်တော်လည်း မျက်ရည်လွယ်တဲ့ ကောင်ဘယ်ဖြစ်ချင်မလဲ။ သူတို့ပြောသလို နှလုံးသားနုလို့လားဆိုတော့လည်း အဲဒီလိုလည်း မဟုတ်ပြန်ဘူး၊ တချို့ကိစ္စတွေဆိုရင် မျက်ရည်မကျတတ်တဲ့သူတွေထက်တောင် စိတ်မာသေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကျွန်တော်လည်း ရန်ဖြစ်တိုင်း မျက်ရည်ကျနေတဲ့ အဖြစ်ကို မုန်းလာပြီဆိုတော့ အဖြေရှာပြီး လိုက်ဖတ်ကြည့်တာ ဒါလေးတွေ့ပါတယ်။ ချားလ်စ်ဒါဝင်ကတော့ စိတ်ခံစားမှုကြောင့် ဖြစ်လာတဲ့ မျက်ရည်ဆိုတာ ရည်ရွယ်ချက်မရှိတတ်ဘူးလို့ ဆိုပါတယ်။

Time Magazine ရဲ့ သိပ္ပံဆိုင်ရာစာရေးဆရာ Mandy Oaklander ကတော့ “မျက်ရည်ဆိုတာ တစ်ပါးသူက ကိုယ့်အကြောင်း အလွယ်တကူသိစေနိုင်တဲ့အရာပဲ” လို့ ဖြည့်စွက်ပါတယ်။ မျက်ရည်ဆိုတာက ဖိအားတွေအတွက် သဘာဝတုံ့ပြန်မှုဖြစ်ပေမယ့် ကိုယ့်ရဲ့ လက်တွဲဖော်ချစ်သူအတွက်တော့ ကိုယ့်မျက်ရည်ဟာ ကိုယ့်ရဲ့ အားနည်းချက်ဆိုတာ သိသွားစေပါတယ်။

“ရည်းစားတော်တော်များများကတော့ ငိုတတ်တဲ့သူတွေကို သဘောမကျပါဘူး၊ ဒီလို မျက်ရည်ကျတာ၊ ငိုတာဟာ အငြင်းအခုံလုပ်ရာမှာ မျက်ရည်ခံထိုးတယ်၊ မနိုင်နိုင်အောင် လုပ်တယ်”လို့ ထင်တတ်ကြပါတယ်။

ဘာကြောင့်မျက်ရည်ကျတာလဲ

မျက်ရည်ကျတယ်ဆိုတာဟာ သူတို့အတွက် စိတ်ဒဏ်ရာရနေတာ၊ ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်ရတာကို ကြောက်တာစတဲ့ ခံစားချက်တွေရဲ့ ရလဒ်ဖြစ်ပါတယ်။ ငိုတယ်ဆိုတာဟာ ကိုယ်က တခြားသူတွေကို တွယ်ကပ်နေမိတဲ့ ပုံစံတွေနဲ့လည်း ဆိုင်ပါတယ်။

ကိုယ်က စိုးရိမ်ပူပန်တတ်တဲ့သူဆိုရင် ကိုယ့်ပါတနာရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူသေးသေးလေး ပြောင်းတာကအစ သတိပြုမိနေတတ်ပါတယ်။ ဒီလို သတိထားမိတဲ့အတွက် ချစ်သူတွေကြား တစ်ခုခုလေး အတက်အကျဖြစ်တာနဲ့ ဖောက်ပြန်နေပြီဆိုတာမျိုး ထင်လာတတ်ပါတယ်။ ဒါမှမဟုတ်လည်း တစ်ခုခုလေး အငြင်းအခုံဖြစ်တာနဲ့ အခုပဲ ချစ်သူကို ဆုံးရှုံးရတော့မလိုထင်လာတတ်ပြီး ချန်ထားခဲ့ခံရမှာ ကြောက်တာကြောင့် စိုးရိမ်မျက်ရည် ဖြစ်လာတာမျိုးပါ။ ဒါပေမယ့် ဘယ်လို ဖြေရှင်းရမှန်းမသိဘဲ ငိုပဲ ငိုနေရင်လည်း ချစ်သူရည်းစားဘဝမှာ အလုပ်မဖြစ်ပါဘူး။

ဒါဆို ပြဿနာဖြစ် စကားများနေတုန်း ငိုချင်လာရင် ဘယ်လိုလုပ်ရမလဲ

ရန်တွေဖြစ်တဲ့ အခါ စိတ်တွေ ရှုပ်၊ ဒေါသတွေဆူဝေလာရင် ဒီတိုင်းကြီးတင်းခံပြီး မျက်ရည်အဖြစ် ကျလာမယ့်အစား အဲဒီနေရာကနေ ခဏထွက်လာခဲ့ပါ။ ခဏထားခဲ့ပြီး လမ်းလျှောက်လာတာတို့၊ ရေချိုးခန်းထဲ ခဏဝင်ပြီး အသက်ရှူအာရုံပြောင်းတာတို့ လုပ်ရပါမယ်။ ကိုယ့်ရဲ့ စိုးရိမ်ပူပန်တတ်တဲ့ စိတ်ကို ခဏလေးအနားပေးဖို့ လိုပါတယ်။

ဒီလို လတ်တလောဖြစ်တာ အပြင် ရေရှည်အတွက်လည်း စဉ်းစားထားပါ။ ကိုယ်က ငိုတတ်တဲ့သူ ဖြစ်လို့ ရှိရင် ကိုယ့်မျက်ရည်တွေက ဘာအတွက်ကျတာလဲ ဆန်းစစ်ပါ။ ကိုယ့်ရဲ့ ခံစားချက်တွေ ဖြစ်လာတာ ဘာအကြောင်းကြောင့်လဲ။ ကိုယ့်ရဲ့ ချစ်သူကို ကိုယ်စိတ်ပူနေတာတွေကို ပေးသိချင်တာလား အပြန်အလှန်စဉ်းစားရပါမယ်။ အဲဒီလိုမျိုး စဉ်းစားလိုက်ရင် ငိုချင်နေတာတွေ ပြယ်သွားနိုင်ပါတယ်။

ဒီလို လုပ်ခိုင်းတာဟာ ဘဝမှာ ဖြစ်လာသမျှ ပြဿနာတိုင်းမှာ လုံးဝ မငိုရဘူး မဟုတ်ပါဘူး။ အနည်းဆုံးတော့ မျက်ရည်လွယ်တဲ့ သူလို့ အပြောမခံရတော့ဘူးပေါ့။ ရန်ဖြစ်ရင်လည်း တစ်ယောက်ကို တစ်ယောက် နာအောင်ပြောနေမှာထက် ဘာကြောင့်ရန်ဖြစ်ရတယ်ဆိုတဲ့ ပြဿနာကိုပဲ ရှင်းဖို့ ကြိုးစားမယ်ဆိုရင် မလိုအပ်ဘဲ စိတ်နာရတာတွေ နည်းတာပေါ့။

ဒါတွေက ကိုယ့်လိုမျိုး မျက်ရည်လွယ်တဲ့သူတွေအတွက် ဘာကြောင့် မျက်ရည်ကျလွယ်နေတာနဲ့ ဘယ်လို ဖြေရှင်းရမလဲဆိုတာအတွက် အထောက်အကူ ဖြစ်လောက်မယ်ထင်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source: Huffpost