အချစ်ဆိုတဲ့ သေမင်းတမန်ဆီမှာ လည်စင်းခံကြတဲ့ လူသားတွေကလည်း ဒုနဲ့ဒေး။ ကံမကောင်းရင်တော့ အချစ်ဆိုတာ အပြုံးမျက်နှာဖုံးကို စွပ်ပြီးတော့ အငိုမျက်လုံးကို ဖုံးကွယ်တတ်တဲ့ မျက်နှာတစ်စုံနဲ့လည်း တူနေပြန်ပါတယ်။ အချစ်ဆိုတဲ့ကျောင်းတော်ကြီးထဲမှာ ဘွဲ့ရပညာတတ်တွေ အရမ်းရှားတယ်။ အထာမနပ်တဲ့လူငယ်တိုင်း စာမေးပွဲတွေ ခဏခဏကျတတ်တယ်။ လူတစ်ယောက်ကို တကယ်ချစ်မိရင် အတားအဆီးတွေ၊ အန္တရာယ်တွေဆိုတာ ဘာမှမမြင်တော့ဘူး။

၁။ သံသယမပါတဲ့အချစ်တွေနဲ့ ထွေးပွေ့တယ်။

လူတစ်ယောက်ကို တကယ်ချစ်သွားရင် ယုံကြည်ချက်တွေပါ အလိုလိုကပ်ပါလာတာ။ အခြားတစ်ယောက်နဲ့ နောက်ကွယ်မှာ ခြေရှုပ်နေမှာကိုလည်း တွေးမပူတော့ဘူး။ သစ္စာဖောက်မှာကို၊ အသစ်ရှာသွားမှာကို တွေးမပူတော့ဘူး။ သံသယမပါတဲ့အချစ်မျိုးနဲ့ တစ်သက်လုံးထွေးပွေ့ထားချင်တာ။ ချိန်းတွေ့တဲ့အခါမှာ သူအချိန်နောက်ကျတာကို ရထားဘီးများပေါက်လို့လားဆိုပြီး ကြံဖန်နားလည်ပေးကြတာ။

၂။ ဆုံးရှုံးရမှာကို သေမလောက်ကြောက်တယ်။

ချစ်သူခြင်း လွမ်းရတဲ့ဝေဒနာဟာ ချိုမြိန်တဲ့ဒုက္ခလို့ တင်စားကြပေမယ့် တကယ်ချစ်ရတဲ့သူတွေ ဝေးနေရရင် သွားနေကျနေရာလေး ရောက်တိုင်းလွမ်းမိတယ်၊ ပြောနေကျစကားလုံးတွေကို သတိရမိတယ်၊ နမ်းနေကျပါးလေးကိုပဲ တမ်းတမိနေတတ်ပါတယ်။ အသက်ရှင်သန်ခွင့်၂၄နာရီပဲ ရခဲ့ရင်တောင် ၂၃နာရီက ချစ်သူအနားမှာပဲ အသက်ရှင်ချင်ပြီး နောက်ဆုံး၁နာရီကိုတော့ ကိုယ့်လိုချစ်နိုင်မယ့်သူတစ်ယောက်ကို ကိုယ်စားထားခဲ့ချင်တဲ့စိတ်ဓာတ်မျိုးတွေပါ။

You May Like : ၂၈နှစ်မှာ အငြိမ်းစားယူသွားတဲ့ သန်းကြွယ်သူဌေးမလေး JP Livingston

၃။ အချစ်ရဲ့နောက်ကွယ်မှာ မျှော်လင့်ချက်မပါဘူး။

သူ့ကို အရမ်းချစ်တယ်၊ သူ အဆင်ပြေနေရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ တစ်သက်လုံးပေးဆပ်ထားချင်တာ။ ပိုင်ဆိုင်ခွင့်မရခဲ့ရင်တောင် သူ့ဘဝအခြေအနေဟာ စိန်ရွှေပတ္တမြား ၊ အိမ်မြေခြံကားနဲ့ အဆင်ပြေနေရင် ပီတိဖြစ်နေတဲ့အခိုက်အတန့်ဆိုတာ အချစ်ကြီးတဲ့သူတိုင်းမှာရှိတတ်ပါတယ်။ သူဖြစ်စေချင်တဲ့ကိစ္စ ၊ လုပ်ချင်တဲ့အလုပ်မှန်သမျှ မဖြစ်ဖြစ်အောင် ချွေးကိုရင်း ခန္ဓာကိုယ်ကို စတေးပြီး စေတနာဝန်ထမ်းကြီးဖြစ်မှန်းမသိ ဖြစ်လာကြပါတယ်။

နဂိုစိတ်က ငှက်ပျောသီးနင်းမိတာနဲ့ သွေးလန့်တတ်တဲ့သူတောင် ချစ်သူထိရင် မိုက်တိုင်စန်ကိုတောင် စိန်ခေါ်ရတဲ့သတ္တိမျိုးတွေ၊ လေဖြတ်တဲ့သူတောင် ချစ်သူထိရင် ငုတ်တုတ်ထထိုင်ပြီး ဓားဆွဲဖြေရှင်းလိုတဲ့သတ္တိမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ရေးထားတဲ့စာသားလေးတွေအတိုင်း ခံစားမိရင်တော့ တကယ်ချစ်မိတာ သေချာပါပြီ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com