Xiaomi ရဲ့ ဒုဥက္ကဌဖြစ်သူ Hugo Barra ဟာ Xiaomi ကနေ ထွက်ခွာတော့မှာဖြစ်ပြီး Silicon Valley ကို ပြန်လာတော့မှာဖြစ်ကြောင်း Facebook မှာ Post တစ်ခု တင်ပြီး ကြေညာခဲ့ပါတယ်။ ယခင် Google ရဲ့ Android ပိုင်းဆိုင်ရာ အရာရှိဟောင်းဟာ Xiaomi မှာ လုပ်ကိုင်နေစဉ်မှာ နာမည်ကြီးသူတစ်ဦးဖြစ်လာခဲ့တာပါ။

သူက ပေကျင်းမှာ အလုပ်လုပ်နေစဉ်မှာ သူ့ဘဝထဲမှာ အကောင်းမွန်ဆုံးနဲ့ အကြီးကျယ် အခမ်းနားဆုံး စိန်ခေါ်မှုတွေ၊ စွန့်စားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ဆိုခဲ့တာပါ။ Hugo Barra ဟာ Xiaomi ကို လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်၊ သြဂုတ်လတွင်းမှာ စတင်ရောက်ရှိခဲ့တာဖြစ်ပြီး “Rockstar” လို့ပြောနိုင်လောက်တဲ့ ကုမ္ပဏီ တစ်ခုဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

Xiaomi ဟာ ၂၀၁၂ခုနှစ်တုန်းက စမတ်ဖုန်း အလုံးရေ ၇.၅သန်းသာ ရောင်းချခဲ့ရပေမယ့် သူရောက်ရှိပြီး နှစ်နှစ်အကြာ ၂၀၁၄ခုနှစ်မှာ စမတ်ဖုန်းအလုံးရေ ၆၁သန်းအထိ ရောင်းချခဲ့ရပြီး ပမာဏ ရာခိုင်နှုန်း ၈၀၀ အထိ တိုးတက်သွားခဲ့တာပါ။

ဒါကြောင့် CEO ဖြစ်သူ Lei Jun က ကုမ္ပဏီဟာ တိုးတက်မှုနှုန်းအလွန်လျှင်မြန်နေပြီး ဒီနှုန်းကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုကြောင်း လတ်တလောမှာတင် မှတ်ချက်ပြုခဲ့တာပါ။

အာရှနဲ့ ဥရောပဈေးကွက်တွေမှာ အောင်မြင်မှု ရရှိနေပေမယ့် US မှာတော့ များပြားတဲ့ပမာဏ မရှိသေးတဲ့ Xiaomi ဟာ Mi Box လို စမတ်တီဗီ ပစ္စည်းနဲ့ စတင်တိုးဝင်ခဲ့ပါတယ်။ ဒါပေမယ့် Mi 5 နဲ့ Mi Note 2 တို့လို ပစ္စည်းတွေရဲ့ Special Version တွေနဲ့ စမတ်ဖုန်းတွေအတွက် စတင် တိုးဝင်နေပြီဖြစ်ကြောင်းလည်း Barra က ဆိုခဲ့ဖူးပါတယ်။

Barra ဟာ Xiaomi ရဲ့ အောင်မြင်မှုမှာ ကြီးမားတဲ့အစိတ်အပိုင်းကနေ ပါဝင်အသုံးတော်ခံခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီကနေ ထွက်ခွာရခြင်းအကြောင်းကိုတော့ အသေအချာ ပြောကြားခြင်းမရှိပဲ ကျန်းမာရေးအတွက်အနားယူဖို့ လိုအပ်နေကြောင်း ဆိုခဲ့တာပါ။

Ref: Engadget, The Verge