အခုလိုမျိုး ၂၀၁၉ ခုနှစ်ထဲကို ဝင်ရောက်လာတာနဲ့အတူ စမတ်ဖုန်းကုမ္ပဏီတွေအကုန်လုံးနီးပါးက 5G ကို စတင်ပြီး ဆောင်ရွက်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး 5G စမတ်ဖုန်းတွေကို ဆောင်ရွက်နေတဲ့အထဲမှာ Apple ကတော့ ပါဝင်ခြင်းမရှိသေးပါဘူး။

ဘာကြောင့်လဲဆိုရင် Android Device တွေ တော်တော်များများက 5G အတွက် Modem တွေကို Qualcomm ၊ Samsung Exynos နဲ့ Huawei Balong Modem တွေကို အသုံးပြုနေပြီးတော့ Apple အတွက်ကတော့ Intel ဆီကပဲ 5G Modem တွေကို ၂၀၂၀ ခုနှစ်ကြမှ အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Intel က ပြဿနာတွေတက်နေပြီးတော့ Apple ကို ၂၀၂၀ ခုနှစ်မတိုင်ခင် 5G Modem တွေ Support ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

Apple အနေနဲ့ အခုလိုမျိုး လာမယ့် ၂၀၂၀ ခုနှစ်မှာတောင် 5G iPhone တွေကိုထုတ်လုပ်ဖို့ အဆင်မပြေတဲ့အချိန်မှာ Huawei ကနေ ကြားထဲက Apple ကို Offer တစ်ခုကို ထုတ်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Huawei အနေနဲ့ Apple ကို 5G Balong 5000 Modem တွေ ရောင်းပေးနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Huawei Mate X

ဒီနေရာမှာတစ်ခုထူးခြားတာက Huawei က ပုံမှန်အားဖြင့် သူ့ရဲ့ Chipset တွေ၊ Modem တွေကို တခြားသူတွေကိုရောင်းချမှုအလွန်နည်းပါးပြီး အခုလည်း Apple ကုမ္ပဏီတစ်ခုကလွဲပြီး တခြားဘယ်ကုမ္ပဏီကိုမှ ရောင်းချပေးမှာလည်းမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ အဲ့ဒါကြောင့် Huawei အနေနဲ့ Apple ကို Modem ရောင်းရင်းနဲ့ Huawei က ထုတ်ပေးတဲ့ Modem ကို Apple iPhone တွေမှာ သုံးရတယ်ဆိုတဲ့ ဂုဏ်တစ်ခုကိုပါ လိုချင်နေတဲ့ပုံစံပါပဲ။

Apple အတွက်တော့ ဒီအချက်က အကျပ်ရိုက်စရာကိစ္စဖြစ်လာပြီးတော့ သတင်းတွေထွက်ထားသလို Intel ကလည်း 5G Modem တွေကို ၂၀၂၀ မှာ မထောက်ပံ့နိုင်ဘူးဆိုရင် Qualcomm ဆီကလည်း တရားရင်ဆိုင်မှုတွေကြောင့် မသုံးနိုင်ဖြစ်နေတော့ နောက်ဆုံး Huawei ကိုပဲ အားကိုးရဖွယ်ဖြစ်နေပါတယ်။

Huawei Mate X

Huawei က အခု Apple ကို ရောင်းချမယ့် Balong 5000 5G Modem ကလည်း လောလောဆယ်မှာ Huawei Mate X နဲ့ Mate 20X 5G Edition ဖုန်းတွေမှာ အသုံးပြုထားပြီး Download Speed အနေနဲ့ Maximum 4.8Gbps ရရှိနိုင်တဲ့အတွက် လောလောဆယ်မှာ အကောင်းဆုံး 5G Modem ဖြစ်နေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

Ref : Engadget